အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအနေဖြင့် တောင်တွင်းကြီးတွင် ပညာပေးဟောပြောပွဲ ပြုလုပ်

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအနေဖြင့် တောင်တွင်းကြီးတွင် ပညာပေးဟောပြောပွဲ ပြုလုပ်

ဒီဇင်ဘာ ၁၁ ။              ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး  ၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ ပညာပေး ဟောပြောမှုတစ်ခုကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ အတွင်းမှာရှိတဲ့ သဲဖြူကျေးရွာမှာ အရှိုအမျိုးသမီးအဖွဲ့က ဦးဆောင်ပြီး ပြုလုပ်ခဲ့ပါတယ်။

“ အမျိုးသမီးများနဲ့ ကလေးသူငယ်များအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေး အမျိုးသားများပါ၀င်မှုမြှင့်တင်ပေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

"ဒီပွဲလုပ်ရခြင်းရည်ရွယ်ချက်ကတော့ ကျွန်မတို့ ဒီကျေးရွာမှာရှိကြတဲ့အမျိုးသမီးတွေရော အမျိုးသားတွေရော ကလေးသူငယ်တွေရော ဒီကျားမရေးရာမျာ အခြေပြုတဲ့ အကြမ်းဖက်ခြင်းတွေကို သဘောပေါက် နားလည်ပြီးတော့မှ ကိုယ့်ရဲ့ ရပ်ရွာမှာ ဒီလိုမျိုး အကြမ်းဖက်မှုတွေ လျော့ကျအောင် တူတူဝိုင်းဝန်း ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီလိုပွဲမျိုးတွေကျင်းပရတာဖြစ်ပါတယ်" လို့ မိုင်ကေသီမင်းဒင်က ပြောပါတယ်။  

ဒီပွဲမှာတော့ အရှိုအမျိုးသမီး အဖွဲ့အစည်းက တာဝန်ရှိသူတွေက ၁၆ ရက်တာလှုပ်ရှားမှုအကြောင်း၊ အကြမ်းဖက်မှုအမျိုးအစားတွေအကြာင်း၊ ဘယ်လိုအခြေအနေတွေဟာ အကြမ်းဖက်ခံနေရကြောင်းနဲ့ အကြမ်းဖက်ခံရပါက ဘယ်လိုတားဆီး တိုင်ကြားနိုင်ကြောင်းကို သရုပ်ဖော် ပြဇာတ်တွေနဲ့တကွ ဟောပြောခဲ့ကြပါတယ်။

"ဒီအမျိုးသမီးအခွင့်အရေးတွေနဲ့ ဆိုင်တဲ့ Women Rights ဆိုတဲ့ Training တွေလည်း ပေးတဲ့ အခါသူတို့က သိလာပြီး ပြစ်မှုပြစ်ဒဏ်လေးတွေ သိလာတဲ့အခါ ဒီအမျိုးသွားတွေကလည်း အော် ငါဒီလိုလေးလုပ်လိုက်ရင် ဒါ အကြမ်းဖက်ရာ မြောက်တယ် ဆိုပြီးတော့မှ သူတို့ကလည်း နည်းနည်းရပ်တန့်သွားတယ်ပေါ့နော်။ နောက်ပိုင်း ဆို အမျိုးသမီးတွေကလည်း အော်ဒါက ငါဖွင့်ပြောလိုက်ရင် အများကြီးငါတို့အတွက် အကူအညီရတယ်ဆိုတဲ့ မျော်လင့်ချက်တွေဖြစ်လာတယ်ပေါ့နော်။ ဒီလိုတွေ ပိုပိုပြီးတော့မှ နောက်ဆုံး လုံးဝ ဒီအိမ်တွင်း အကြမ်းဖက်မှု ကနေမှ ကျွန်မတို့ကလုံးဝ ငြိမ်းချမ်းရေး ရပ်ရွာပတ်ဝန်းကျင်အထိ ငြိမ်းချမ်းရေးဖြစ်သွားရမယ် ဆိုတဲ့ အထိရည်ရွယ်ပြီးတော့မှ လုပ်ဆောင်နေပါတယ်လို့" မိုင်သန့်ဆီဦး (Asho women organization Founder) က ပြောပါတယ်။

၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ ပညာပေး ဟောပြောမှုသဲဖြူရွာနဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေက အုပ်ချုပ်ရေးမှူးတွေ၊ကျောင်းဆရာဆရာမတွေ၊ ကျေးရွာသူ ကျေးရွာသားတွေနဲ့   ကျောင်းသားကျောင်းသူများ လာရောက် နားထောင်ခဲ့ကြပါတယ်။

အရှိုအမျိးသမီးအဖွဲ့က လတ်တလောမှာတော့ တောင်းတွင်းကြီးမြို့အတွင်းက ရွာ ၄ ရွာကို အဓိကထားပြီး တစ်နှစ်လျှင် တစ်ကြိမ် Event တွေ လုပ်ဆောင်နေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းကတော့ ကုက္ကိုုကုန်းကျေးရွာမှာ ဟောပြောခဲ့ပြီး နိုင်ငံအနှံ့က အရှိုရွာတွေကို ဆက်လက်ချိတ်ဆက်သွားဖို့ ရှိနေပါတယ်။

"ဒီလိုဟောပြောပွဲတွေ ကျွန်တော်တို့ဆီမှာ လာလုပ်တဲ့အတွက် ကျွန်တော်တို့ဒေသ၊ ဒီမှာရှိတဲ့ ကျွန်တော်တို့ အရှိုချင်း အမျိုးသား၊ အမျိုးသမီး၊ လူကြီးလူငယ်တွေမှာကျွန်တော်တို့ အသိပညာ ဗဟုသုတ ၊ ကျွန်တော့တို့ အများကြီးပြည့်ပြည့်စုံစုံ ရပါတယ် ။ ဒါ့အပြင် ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ နောက်မျိုးဆက်သစ်တွေအတွက်  တိုးတက်ဖွ့ံဖြိုးေအောင် ရှေ့ဆက်ပြီးတော့ ဆောင်ရွက်လျှောက်လှမ်းရမယ့် နည်းလမ်းတွေလည်း ဒါ ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီးတော့ ချပြပေးလို့ ရပါတယ်။"လို့ ဆီမီးထွန်းကျေးရွာအုပ်စုမှ ဒေသခံ ဦးဌေးဇောင်က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly