မှုခင်းများ လျှော့နည်းပပျောက်ရေး တိုင်းအစိုးရအဖွဲ့မှ အထူးအလေးပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို လွှတ်တော်အတည်ပြု

မှုခင်းများ လျှော့နည်းပပျောက်ရေး တိုင်းအစိုးရအဖွဲ့မှ အထူးအလေးပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို လွှတ်တော်အတည်ပြု

 

မန္တလေး၊ဒီဇင်ဘာ ၁၁ ။           ။ အများပြည်သူများ လုံခြံုစိတ်ချစွာ သွားလာနိုင်ရေးနှင့်ခိုးမှု၊လုယက်မှုှ၊မုဒိန်းမှုများလျှော့နည်းပပျောက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးအလေးပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာလ ၁၁ ရက်၊နံနက် ၁၀ နာရီကပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ပဥ္စမနေ့)တွင် အတည်ပြုလိုက်သည်။

၎င်းအဆိုကို ချမ်းမြသာစည်မြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် တင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ပြုလုပ်သည့် လွှတ်တော်တွင် ပြည်ကြီးတံခွန်မြို့နယ်၊မဲဆန္ဒနယ်၊ အမှတ်(၁)နှင့်အမှတ်(၂)တို့မှ လွှတ်တော်ကိုယ်စားလှယ်   ဒေါက်တာချစ်ကိုကိုနှင့်ဦးဇော်မောင်မောင်၊မြင်းခြံမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှဦးချမ်းမြေ့၊ချမ်းမြသာစည်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှဦးမြင့်အောင်မိုး၊ ငါန်းဇွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှဒေါ်သဲစုဝေ၊တောင်သာမြို့နယ်၊မဲဆန္ဒနယ်၊အမှတ်(၂)မှ ဦးဝိုင်းချစ်အောင်နှင့်စဉ့်ကူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှဒေါက်တာကျော်နိုင်ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

ထောက်ခံဆွေးနွေးမှုအပြီးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက "အများသူငှာ စိတ်အေးချမ်းသာ သွားလာနိုင်ရေးအတွက် ၂၅ရက်၊၁၁လ ၂၀၁၇ကနေစပြီးတော့ တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေအေးချမ်းရေးတို့အတွက် လှည့်ကင်းတွေ၊ရပ်ကင်းတွေ၊ပိတ်ဆို့ရှာဖွေရေးတွေ၊ပုံသေလုံခြံုရေးတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊အရံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။"ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ၎င်းက အဆိုအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရန်ပြောဆိုခဲ့ခြင်းကြောင့် အဆိုရှင် ချမ်းမြသာစည်မြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က "အခုအဆိုဟာ စိတ်ကူးယဉ်ပြီး တင်ခဲ့တာမဟုတ်ပါဘူး။ပြည်သူလူထုတွေ လက်တွေ့ခံစားနေရတာတွေကို တင်ပြထားတာပါ။ဒါကြောင့် မှတ်တမ်းတင်တာကို လက်မခံပါဘူး။ဒီအဆိုကို လွှတ်တော်က အတည်ပြုပေးဖို့တောင်းဆိုပါတယ်။"ဟုပြောသည်။

ထို့ကြောင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲ ၂၄မဲ၊ထောက်ခံမဲ ၄၇မဲဖြင့် အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နေရာအနှံ့ ဒုစရိုက်မှုများဖြစ်နေခြင်းအား အစိုးရအဖွဲ့အနေဖြင့် အစီအမံများချမှတ်ပြီး မည်သို့ဆောင်ရွက်နေသည်ကို လွှတ်တော်ကိုယ်စားလှယ်များက သိချင်သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမှာ   လုပ်ရိုးလုပ်စဉ်များသာ ပြန်လည်ဖြေကြားခဲ့ခြင်းအပေါ် အားမရကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ယခုအဆိုနှင့်ပတ်သက်၍ ဝေဖန်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly