နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချနိုင်သူများနှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည်ဟုဆို

နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချနိုင်သူများနှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည်ဟုဆို

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။              ။ အပစ်ရပ် လက်မှတ်ထိုးရေးအတွက် မပြေလည်သေးသည့် အသုံးအနှုန်းများနှင့် ပတ်သက်ပြီးဆွေးနွေးရန် နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချနိုင်သူများ ဖြစ်ကြသည့် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံနိုင်ရန်ကြိုးပမ်းနေကြောင်း UNFC ဘက်မှ သိရသည်။

ငြိမ်းရေးကော်မရှင် (PC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တို့ဆွေးနွေး၍ ဆုံးဖြတ်ချက် ချမှတ်မရသည့် ကိစ္စရပ်များကို  နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချနိုင်သူများနှင့်တွေ့ဆုံ သဘောတူညီချက်ရယူရန် တွေ့ဆုံရခြင်းဖြစ်ကြောင်း UNFC ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ဆိုသည်။

“ PC နဲ့ ၁၇ လတိုင် ဖြစ်ပေါ်ခဲ့တဲ့ရလဒ်ကိုအခြေခံပြီးတော့ ကျန်ရှိနေသေးတဲ့ တစ်ဆို့မှုတွေကို နှစ်ဖက် ခေါင်းဆောင်တွေ ဘယ်လိုသဘောထားယူကြမလဲ။ ခေါင်းဆောင်တွေရဲ့ သဘောထားက အတည်ဖြစ်မယ် လေ။ PC လည်းအလုပ်အဖွဲ့ DPN လည်း အလုပ်အဖွဲ့ဆိုတော့ တစ်ဆင့်ခံပြောနေရတာဆိုတော့ အချိန်ကြန့် ကြာမှုရှိတယ်။ ထိပ်သီးနဲ့ တိုက်ရိုက်တွေ့လိုက်တာ ပိုကောင်းမယ်လို့ ရည်ရွယ်ချက်နဲ့ တွေ့ဖို့ကမ်းလှမ်းတာပါ “ ဟု ၄င်းက ဆိုသည်။

UNFC ၏အဆိုပြုချက် နံပတ် ၂ နှင့် အဓိပ္ပါယ်သတ်မှတ်ချက်၊ အကောင်အထည်ဖော်မှု၊ နိုင်ငံတကာပါ၀င်မည့် ကိစ္စများကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်းလည်း နိုင်အောင်မငေးကပြောသည်။

UNFC ၏အဆိုပြုချက် နံပါတ် ၂ မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံ စိတ်ဓာတ်တို့နှင့် အညီ ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကိုတည်ဆောက်သွားရန် ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်ထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ထံ UNFC ဘက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ဆုံရန်   တောင်းဆိုလိုက်ခြင်း ဖြစ်ပြီး   တွေ့ဆုံမည့် နေရာနှင့်အချိန်ကိုမှု ပြန်လည်အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့  ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ၈ ကြိမ်မြောက် တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် အစိုးရဘက်မှ ပြင်ဆင်လိုသည့် အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့များထံ တင်ပြသဘောတူညီချက် ရယူပြီးနောက် နိုဝင်ဘာ ၁၆ ရက် အပြီးသတ်ဆွေးနွေးရန် သဘောတူခဲ့သော် လည်း အလွှတ်သဘောသာ တွေ့ဆုံခဲ့သည်။

အဆိုပါ အလွတ်သဘော “ အကြိုညှိနှိုင်းအစည်းအဝေး၏ ရလဒ်အနေဖြင့် နှစ်ဘက်တာဝန်ရှိသူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်တို့နှင့် UNFC ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ၍ ကျန်ရှိနေသော ဆွေးနွေးရန်အချက်များကို နှစ်ဘက်မှ ညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် DPN ဘက်မှ ကြိုးပမ်းရခြင်းဖြစ်ကြောင်း “  ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးနောက်ပိုင်းတွင် တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ “ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုကို   နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်နှင့် အညီ “ အစရှိသည့် စကားလုံးအသုံးအနှုန်း အချို့အပေါ်တွင် ဆွေးနွေး၍မပြီးပြတ်ဖြစ်နေခြင်းလည်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး၏ အဓိကအရင်းခံပြဿနာမှာ နိုင်ငံရေးပြဿနာပင်ဖြစ်သောကြောင့် နိုင်ငံရေးနည်းအရ ညှိနှိုင်းအဖြေရှာနိုင်ရေး UNFC အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း UNFC ၏ ထုတ်ပြန်စာ တွင် ဖော်ပြထားသည်။

ညီညွှတ်သောလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှဖွဲ့စည်းထားသော DPN မှအဆိုပြုထားသည့် (၉) ချက်ကို ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာနေသည်မှ ၁၇ လခန့်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် UNFC မှ တင်ပြထားသည့်အချက်များ ပြေလည်မည်ဆိုပါက ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့် ၂၁ ပင်လုံညီလာခံမတိုင်မှီ တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် (NCA) ရေးထိုးဖွယ် ရှိနေသည်။

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် NCA လက်မှတ် မရေးထိုးရသေး သည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags