မဏိပူရ်ပြည်နယ် နယ်စပ်တလျှောက် လုံခြံုရေးစီမံချက်များ လုပ်ဆောင်ထားဟု ပြည်နယ်ဝန်ကြီးချုပ် ပြော

မဏိပူရ်ပြည်နယ် နယ်စပ်တလျှောက် လုံခြံုရေးစီမံချက်များ လုပ်ဆောင်ထားဟု ပြည်နယ်ဝန်ကြီးချုပ် ပြော

 

ဒီဇင်ဘာ ၁၁ ။          ။ အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်ရဲ့ နယ်စပ်ဒေသဧရိယာအားလုံး ( အင်ဒို-မြန်မာ နိုင်ငံတကာ နယ်စပ်ရဲ့ မဏိပူရ် အပိုင်းအကန့်အပါအဝင်) တို့မှာ လိုအပ်တဲ့ လုံခြံုရေး စီမံချက်တွေကို လုပ်ဆောင်ထားတယ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ် Nongthombam Biren Singh က ပြောကြားလိုက်ပါတယ်။

နယ်စပ်ကနေတဆင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်ခြင်း ရှိမရှိ စစ်ဆေးနိုင်ဖို့၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အကျပ်အတည်းနဲ့ အာသံပြည်နယ်မှာ နိုင်ငံသားတွေ အမျိုးသားမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေ ဆောင်ရွက်ထားပြီးနောက်ပိုင်း တရားမဝင်တဲ့ လုပ်ရပ်တွေကို တားဆီးနိုင်ဖို့ ယခုလို ပြည်နယ် နယ်စပ်တွေမှာ လုံခြံုရေး စီမံချက်တွေ ဆောင်ရွက်နေတာဖြစ်တယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

မြန်မာနဲ့အကြား နိုင်ငံတကာနယ်နမိတ်ချင်း ကီလိုမီတာ ၁,၆၀၀ ကျော် ထိစပ်နေလျက်ရှိတဲ့ အရှေ့မြောက်ခြမ်း ဒေသမှာ အာသံပြည်နယ်က အကြီးဆုံးသော ပြည်နယ်တစ်ခုဖြစ်ပါတယ်။

သက်တမ်းကြာမြင့်စွာ တာဝန်ထမ်းဆောင်သွားတဲ့ ၀န်ကြီးချုပ် O Ibobi Singh နေရာမှာ ယခုနှစ်မတ်လကမှ အစား ထိုး တာဝန်ယူထမ်းဆောင်နေတဲ့ မဏိပူရ် ၀န်ကြီးချုပ် N Biren  က ဒီဇင်ဘာ ၁၀ ရက်မှာ ကျင်းပတဲ့ လစဉ်ပြုလုပ်နေကျ တောင်ကုန်းဒေသ ခေါင်းဆောင်များ တွေ့ဆုံတဲ့ အစည်းအဝေး ဘေးပန်းပြင်ပမှာ သတင်းထောက်တွေကို ပြောဆိုသွားခြင်း ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Rajnath Singh နဲ့ ပြည်နယ်ဝန်ကြီးချုပ်တစ်ချို့တို့အကြား ပူးတွဲအစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် ယခုလုပ်ဆောင်ချက်တွေကို ဆောင်ရွက်လာတာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

အစောဆုံးအဖြစ် မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မဏိပူရ်ရဲ့ Churachandpur ဒေသ Behiang ဧရိယာမှာ ရဲစခန်းတစ်ခု ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ် N Biren   က အသိပေးပြောပါတယ်။ ဒါ့အပြင် ယင်း ရဲစခန်းအုတ်မြစ်ချဖို့အတွက် အင်ဒို-မြန်မာ နယ်ခြားမှာ တည်ရှိတဲ့ ကျေးရွာတစ်ခုကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ထိစပ်နေတဲ့ Chandel ခရိုင်ဒေသက ကျေးရွာတစ်ခုဖြစ်တဲ့ Kwatha မှာ အိန္ဒိယ အရန်တပ်ရင်းတပ်ဖွဲ့ဝင်တွေကို တပ်ချထားဖို့ ပြည်နယ်အစိုးရဘက်က စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။ နောက်ထပ် ရဲစခန်းတစ်ခု ဖွင့်လှစ်ဖို့ ရှိတဲ့အပြင် လက်နက်ကိုင် ရဲတပ်သား ၆၀ လောက်ကိုလည်း လုံခြံုရေးလိုအပ်ချက်အရ Jiribam ခရိုင် ဌာနချုပ်တွေကို ပေးပို့စေလွှတ်ထားတယ်လို့ သိရပါတယ်။ Jiribam ခရိုင် ကတော့ အာသံပြည်နယ်ရဲ့ Cachar ခရိုင်နဲ့ ထိစပ်နေတဲ့  မြို့တော် Imphal ကနေ ၂၂၅ ကီလိုသာ ကွာဝေးပါတယ်။

Jiribam မှာ အခြေစိုက်တဲ့ ရဲတပ်ဖွဲ့ကို အင်အားထပ်ဖြည့်ပေးထားပြီး  တရားမဝင် ရွှေ့ပြောင်းသူတွေအနေနဲ့ Jiri မြစ်ကို ဖြတ်ပြီး ယာယီတည်ဆောက်ထားတဲ့ ၀ါးတံတားတွေကနေတဆင့် ပြည်နယ်နယ်နမိတ်ထဲ ၀င်လာခြင်း ရှိမရှိ သတိနဲ့ စောင့်ကြည့်ခိုင်းထားတယ်လို့ ၎င်းက ဆိုပါတယ်။ မြန်မာနဲ့ ထိစပ်နေတဲ့ Ukhrul ဒေသက Jessami ရွာမှာ ရဲစစ်ဆေးရေးစခန်းတစ်ခု ဖွင့်လှစ်ဖို့နဲ့ ကြိုဆိုရေး ဂိတ်တစ်ခု တည်ဆောက်ဖို့ အဆိုပြုချက်တစ်ခုကိုလည်း ၎င်းတို့အစိုးရအဖွဲ့အနေနဲ့ စဉ်းစားနေလျက်ရှိကြောင်း ၎င်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံက မြို့တွေနဲ့ အိန္ဒိယ မြို့တွေကို ဆက်သွယ်ပေးထားတဲ့ ကီလို ၁၁၀ ရှည်လျားတဲ့ Imphal- Moreh အမြန်လမ်းပေါ်က Khudenthabi စခန်းမှာ နာရီများစွာကြာ စစ်ဆေးခံနေရခြင်းကြောင့် ပြည်သူတွေ အဆင်မပြေ ဖြစ်နေရမှုအခြေအနေနဲ့ပတ်သက်လို့ ဖြေဆိုရာမှာတော့ ယင်း စစ်ဆေးရေးဂိတ်မှာ ယာဉ် စစ်ဆေးမှုစက် တပ်ဆင်ပြီးစီးသွားတာနဲ့တစ်ပြိုင်နက် ပြဿနာတွေ ပြေလည်သွားမှာဖြစ်ကြောင်း ဖြေကြားပေးသွားပါတယ်။

ခရီးသွားလာမှု ခွင့်ပြုချက် အထောက်အထားတစ်ခုဖြစ်တဲ့ Inner Line Permit (ILP) စနစ် အကောင်အထည် ဖော်ဆောင်ပေးဖို့ ဒါမှမဟုတ်  တိုင်းရင်းသားတွေရဲ့ အကျိုးကို ကာကွယ်ပေးနိုင်ဖို့ မဏိပူရ်ပြည်နယ်မှာ အလားတူ စနစ် မျိုး ထားရှိဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ပြောကြားရာမှာတော့ မဏိပူရ်ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ လူ့အသိုင်းအဝိုင်းအားလုံးကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တွေပါ၀င်တဲ့ အတိုင်ပင်ခံ ကော်မတီနဲ့ မူကြမ်းရေးဆွဲမှု ကော်မတီတို့ကို မကြာမီ ဖွဲ့စည်းတာဝန်ပေးသွားမယ်လို့ ၎င်းက ဖြေကြားသွားပါတယ်။

ယင်း ကော်မတီနှစ်ရပ်မှာ ပူးပေါင်းပါ၀င်မယ့် ပုဂ္ဂိုလ်တွေကို ဖိတ်ကြားဖို့အပိုင်း အကြောင်းကြားစာထုတ်ပြန်မှုကို တော့ ရက်ပိုင်းအတွင်း မီဒီယာကနေတဆင့် ထုတ်ပြန်ပေးသွားမယ်လို့ ၎င်းက ပြောပါတယ်။ ILP ဆိုတာကတော့ အင်ဒို-မြန်မာ နယ်စပ်တစ်လျှောက်တည်ရှိတဲ့ အိန္ဒိယပြည်နယ်တွေဖြစ်ကြတဲ့ Arunachal Pradesh ၊ Nagaland ၊ Mizoram ပြည်နယ်တွေထဲ ၀င်ရောက်ရာမှာ လိုအပ်တဲ့ အထူးဖြတ်သန်းခွင့်တစ်ခု ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required