ရေညီလာခံမှ ရေအရင်းမြစ် စီမံခန့်ခွဲရန် နည်းလမ်းများ မျှော်လင့်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

ရေညီလာခံမှ ရေအရင်းမြစ် စီမံခန့်ခွဲရန် နည်းလမ်းများ မျှော်လင့်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို
ဓာတ်ပုံ - သက်ကို
 

 

ရန်ကုန်၊ဒီဇင်ဘာ၁၁ ။           ။ ၂ ရက်ကြာ ပြုလုပ်မည့် အာရှ-ပစိဖိတ်ဒေသ (၃)ကြိမ်မြောက် ရေညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေအရင်းမြစ်နှင့်ပတ်သတ်ပြီး အမြင်နဲ့ စီမံခန့်ခွဲဖို့ နည်းလမ်းများကို မျှော်လင့်ထား ကြောင်း ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်လက်ခံကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဒေသ (၃)ကြိမ်မြောက်ရေညီလာခံကို ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင် ကျင်းပနေခြင်း ဖြစ်သည်။

"ဒီပွဲဟာ ကျွန်မတို့ အမြင်တွေကို မျှဝေနိုင်တယ် ။ အနာဂါတ်မှာ ရေကို အောင်မြင်အောင် ဆက်လက်ထိန်းသိမ်း နိုင်ဖို့ နည်းစနစ်တွေ စတဲ့ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ပေးပါတယ်။ ကျွန်မကတော့ ဒီညီလာခံကနေ အာရှ ပစိဖိတ်ဒေသအတွက် ပူးပေါင်းဆောင်ရွက်မှုနဲ့ အတွေ့အကြံုတွေ၊ ရေနှင့်ဆက်စပ်တဲ့လုပ်ငန်းတွေ၊ ရေအရင်းမြစ်နဲ့ ပတ်သတ်ပြီး အမြင်နဲ့ စီမံခန့်ခွဲဖို့နည်းလမ်းတွေကို မျှော်လင့်ထားပါတယ်။ "ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်၏  ၂၁ရာခိုင်နူန်းကို  စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုနေပြီး အာရှဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေ ၈၀ ရာခိုင်နူန်းကို အသုံးပြုနေရသည်ဟု   ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အဆိုပါရေညီလာခံသို့ အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံများမှ ခေါင်းဆောင်များ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

အာရှ-ပစိဖိတ်ဒေသအတွင်း ရေနှင့်ပတ်သတ်သည့် အမြင်အပေါ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ အဖြေများနည်းလမ်းများကိုမျှဝေရန် စသည့် ရည်ရွက်ချက်များ ၄င်းညီလာခံ၌ ပါဝင်နေသည်။

ယခုပွဲမှ ရလာဒ်များ၊ ကြေညာချက်များကို သက်ဆို်င်ရာရေနှင့်ပတ်သတ်သည့် ဆွေးနွေးပွဲများ ဥပမာ ၂၀၁၈ ခုနှစ် မတ်လ ၁၈ရက်မှ ၂၃ရက်နေ့အထိ ဘရာဇီနိုင်ငံတွင် ကျင်းပမည့် (၈)ကြိမ်မြောက်ကမ္ဘာ့ရေညီလာခံဖိုရမ် ပြန်လည်မျှဝေသွားမည်ဖြစ်သည်။

အာရှဒေသ လူဦးရေ ၁.၇ ဘီလီယံသည် အခြေခံရေအတွက် မရရှိကြကြောင်း ၂၀၁၆ခုနှစ် အာရှရေဖွံ့ဖြိုးမှု ရှုမြင်သုံးသပ်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required