အမျိုးသမီးဓာတ်ပုံသမားအား ကန်ကျောက်ခဲ့မိသည့်အတွက် ဂျော့ရှ်ဟိုမီတောင်းပန်

အမျိုးသမီးဓာတ်ပုံသမားအား ကန်ကျောက်ခဲ့မိသည့်အတွက် ဂျော့ရှ်ဟိုမီတောင်းပန်

အမေရိကန်ရော့ခ်ဂီတအဖွဲ့ Queens of the Stone Age ၏ ရှေ့ထွက်အဆိုတော်ဖြစ်သူ ဂျော့ရှ်ဟိုမီက လော့စ်အိန်ဂျယ်လိစ်၌ကျင်းပခဲ့သော ဖျော်ဖြေပွဲတစ်ခု၌ အမျိုးသမီးဓာတ်ပုံသမားတစ်ဦးကို ကန်ကျောက်ခဲ့မိ သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ တောင်းပန်စကားပြောကြားခဲ့သည်။

ချဲလ်ဆီးလော်ရန်အမည်ရှိ အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သောစနေနေ့ညက ဖျော်ဖြေပွဲစတိတ်စင်ဘေး၌ ဓာတ်ပုံ ရိုက်နေစဉ်တွင် ဂျော့ရှ်ဟိုမီက သူမအား ကန်ကျောက်မိခဲ့ပုံအား မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်တစ်ခုကို လူမှုမီဒီယာပေါ်သို့ တင်ခဲ့သည်။

“ကျမအခု အရေးပေါ်အခန်းထဲမှာ တစ်ညတာကုန်ဆုံးခဲ့ရပါတယ်။ တကယ်ပါပဲ။ ဘယ်သူကလုပ်လိုက်တာလဲ” ဟု သူမက ရေးသားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဂျော့်ရှ်ဟိုမီကတောင်းပန်ခဲ့ပြီး သူသည် မည်သူ့ကိုမဆို အနာတရဖြစ်အောင် ဘယ်တော့မှလုပ်မည့်သူမဟုတ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း အဆိုပါကန်ကျောက်မှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု မစ္စလော်ရန်က Variety မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

“ကျမဓာတ်ပုံရိုက်နေတဲ့အချိန်မှာ သူလာနေတာကို ကျမတွေ့လိုက်ပါတယ်။ ကျမကို သူကစိုက်ကြည့်နေခဲ့ပါ တယ်။ ပြီးတော့ သူ့ရဲ့ခြေထောက်ကိုအားယူလိုက်ပြီး ကျမ မျက်နှာကိုကန်ခဲ့ပါတယ်” ဟု သူမက ပြောခဲ့သည်။ ဒါ့အပြင် ယင်းကိစ္စကို အမှုဖွင့်မည်ဟု သူမက ပြောခဲ့သည်။ ဆက်လက်ပြီး ထိုသို့ကန်ကျောက်ခံခဲ့ရသောကြောင့် သူမ၏ မျက်ခုံးပွန်းပဲ့သွားပြီး လည်ပင်းလည်းနာကျင်သွားကြောင်း ပြောဆိုခဲ့သည်။

အသက် ၄၄ နှစ်အရွယ် ဂျော့ရှ်ဟိုမီက ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သူ၏တွစ်တာမှတဆင့် တောင်းပန်ခဲ့သည်။

သူသည် စတိတ်စင်ပေါ်မှ ပစ္စည်းအချို့ကိုကန်ကျောက်နေစဉ်တွင် ဖျော်ဖြေမှုထဲသို့ စိတ်အရမ်းပါသွားပြီး မစ္စလော်ရန်ကို ကန်ကျောက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ “ချဲလ်ဆီးက ကျနော့်ရဲ့တောင်းပန်မှုကို လက်ခံမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောခဲ့သည်။

သို့သော်လည်း ထိုတောင်းပန်မှုကို ဂျော့်ရှ်ဟိုမီ၏ မိတ်ဆွေများအပါအဝင် တွစ်တာအသုံးပြုသူများက ဝေဖန်ခဲ့ ကြပြီး သူ၏တောင်းပန်မှုမှာ မခိုင်လုံကြောင်း ပြောဆိုခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags