ငြိမ်းချမ်းရေးအတွက် လမ်းဖော်ပေးရန် နေတန်ယာဟုအား ပြင်သစ်သမ္မတ တိုက်တွန်း

ငြိမ်းချမ်းရေးအတွက် လမ်းဖော်ပေးရန် နေတန်ယာဟုအား ပြင်သစ်သမ္မတ တိုက်တွန်း

ပါရီ၊ ဒီဇင်ဘာ ၁၁ ။            ။ အမေရိကန်၏ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာ ၁၀ ရက်တွင် ဥရောပခရီးစဉ်ကို စတင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မသွေဖယ်ရေး ဖိအားပေးခံရသည်။

ပြင်သစ်သမ္မတ မက်ခရွန်နှင့် ပထမဆုံးတွေ့ဆုံမှုတွင် နေတန်ယာဟုအား မြို့တော်ပြောင်းရွှေ့မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်း ရှိနေရာ ကောင်းမွန်သော စိတ်ထားဖြင့် ပါလက်စတိုင်းနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် မက်ခရွန်က တိုက်တွန်းသည်။

နေတန်ယာဟုနှင့် နှစ်ဦးပြောဆိုမှုတွင် မက်ခရွန်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အသိအမှတ်ပြုမှုကို ထပ်မံပြစ်တင်ကာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အန္တရာယ်များကြောင်း ပြောဆိုသည်။

“ကျွန်တော်က အစ္စရေးဝန်ကြီးချုပ်ကို တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ရှေ့မတိုးနိုင်တဲ့ အခြေအနေကနေ ရုန်းထွက်ပြီး ပါလက်စတိုင်းနဲ့ စေ့စပ်ဆွေးနွေးမယ့် ရဲစွမ်းသတ္တိကို ပြသဖို့ တိုက်တွန်းခဲ့ပါတယ်။”ဟု ပါရီတွင် အစ္စရေးခေါင်းဆောင်နှင့် တွေ့အပြီး မက်ခရွန်က ဆိုသည်။

ဘရပ်ဆဲလ်တွင် နောက်ထပ် ဆွေးနွေးမှုများ လုပ်ဆောင်ရန်ရှိသည့် ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ မက်ခရွန်က အစ္စရေးအိမ်ရာများ သိမ်းပိုက်နယ်မြေများတွင် တည်ဆောက်နေခြင်းအား ရပ်တန့်ရန်လည်း နေတန်ယာဟုကို တိုက်တွန်းပြောဆိုသည်။

နေတန်ယာဟုသည် ထရမ့်၏ လုပ်ရပ်ကို သမိုင်းတစ်ရပ်အဖြစ် ချီးမွှမ်းပြောထားသူဖြစ်ပြီး မက်ခရွန်နှင့်တွေ့ဆုံမှုတွင် “ဂျေရုဆလင်က ကျွန်တော်တို့ရဲ့ အမြဲတမ်းမြို့တော်ဖြစ်ပြီး အခြားပြည်သူတွေရဲ့ မြို့တော် ဘယ်တုန်းကမှ မဟုတ်ကြောင်း။” ရှင်းလင်းပြောဆိုခဲ့သည်။

အစ္စရေးမှ မထွက်ခွာလာမီက နေတန်ယာဟုသည် ထရမ့်၏ ဂျေရုဆလင် ကြေညာချက်ကို ရှုတ်ချပြီး အစ္စရေးနိုင်ငံကို ဒုံးကျည်တိုက်ခိုက်ခံနေရခြင်းများကိုမူ စကားမဟသည့် ဥရောပအား သီလကြောင်များအဖြစ် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required