လေယာဉ်ပေါ်၌ မဖွယ်မရာပြုမူခံခဲ့ရကြောင်း Dangal မင်းသမီး ဇိုင်ရာဝါဆင်ထုတ်ဖော်ပြောဆို

လေယာဉ်ပေါ်၌ မဖွယ်မရာပြုမူခံခဲ့ရကြောင်း Dangal မင်းသမီး ဇိုင်ရာဝါဆင်ထုတ်ဖော်ပြောဆို

ဘောလိ၀ုဒ်၏ အောင်မြင်မှုအများဆုံးဇာတ်ကား Dangal ၏ မင်းသမီးဖြစ်သူ ဇိုင်ရာဝါဆင်က သူမသည် ဒေလီမှ မွန်ဘိုင်းသို့ လေယာဉ်စီးနင်းခဲ့စဉ်တွင် လေယာဉ်ပေါ်၌ မဖွယ်မရာ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေယာဉ်ပေါ်၌ သူမအိပ်ချင်မူးတူးဖြစ်နေသောအချိန်၌ သူ၏ ခြေထောက်ကို အထက်အောက် စုန်ဆန်လှုပ်ရှားခဲ့ပြီး သူမ၏လည်ပင်းနှင့် ကျောကုန်းတို့ကို ပွတ်သပ်ခဲ့သလို ပခုံးကိုလည်းလက်နှင့်ပွတ်ခဲ့သည်ဟု အသက် ၁၇ နှစ်အရွယ်ရှိ ဇိုင်ရာဝါဆင်က ထုတ်ဖော်ပြောကြားခဲ့သည်။

သူမသည် ထိုအကြောင်းကို သူမ၏ အင်စတာဂရမ်ပေါ်၌ တင်ခဲ့ပြီး ထိုအမျိုးသား၏အပြုအမူအား ဗီဒီယိုရိုက်၍ မှတ်တမ်းတင်ရန် ကြိုးပမ်းခဲ့သော်လည်း အလွန်မှောင်နေသောကြောင့် မထင်ရှားခဲ့ကြောင်း ပြောခဲ့သည်။

Air Vistara လေကြောင်းက ၄င်းတို့သည် ထိုဖြစ်ရပ်နှင့်ပက်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။

သံသယရှိသူကိုဖမ်းဆီးနိုင်ခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သော်လည်း မည်သည်မည်ဝါဖြစ်ကြောင်းကို မူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။

ကနဦးက လေထန်သောကြောင့် လေယာဉ်လှုပ်ခဲ့သည်ဟု ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် အမျိုးသား တစ်ဦး၏ခြေဖျားသည် သူမ၏လည်ပင်းကို လာထိနေကြောင်း သိလိုက်ချိန်တွင် လန့်နိုးသွားခဲ့သည်ဟု ဇိုင်ရာ ၀ါဆင်က ပြောခဲ့သည်။

ထို့နောက် လေယာဉ်ခရီးစဉ်ပြီးသောအခါတွင် သူမသည် ဗီဒီယိုတစ်ခုရိုက်ကူးခဲ့ပြီး သူမ၏လူမှုမီဒီယာ၌ မျှဝေခဲ့ သည်။ ထိုဗီဒီယိုထဲ၌ သူမက “ ဒါဟာ အရမ်းကိုဆိုးရွားလွန်းပါတယ်။ တခြားသူတွေကတော့ လာကူညီမှာ မဟုတ်ပါဘူး။ ကျမတို့ဟာ ကိုယ့်ကိုယ်ကိုပဲအားကိုးနေရပါတယ်” ဟု ပြောကြားခဲ့သည်။

ဇိုင်ရာဝါဆင်သည် ပြီးခဲ့သောနှစ်ကထွက်ရှိခဲ့သည့် Dangal ရုပ်ရှင်ထဲ၌ပါ၀င်သရုပ်ဆောင်ရင်း အနုပညာလောက ထဲသို့ ပထမဦးဆုံးခြေချခဲ့သူဖြစ်သည်။ သူမ၏ပွဲဦးထွက်ရုပ်ရှင် Dangal သည် ဘောလိ၀ုဒ်ရုပ်ရှင်သမိုင်း၌ ရုံဝင်ငွေအများဆုံးရရှိသည့် ဇာတ်ကားတစ်ကားဖြစ်လာခဲ့သည်။

သူမ၏ ထူးခြားသောစွမ်းဆောင်ရည်များကြောင့် အိန္ဒိယသမ္မတ ရမ်နက်သ်ကိုဗင်က ယခုနှစ်အစောပိုင်းတွင် သူမအား National Child Award ဆုကို ချီးမြှင့်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly