ကယ်လီဖိုးနီးယားတောမီး အခြားမြို့များသို့ကူးစက်ရန်တာစူ

ကယ်လီဖိုးနီးယားတောမီး အခြားမြို့များသို့ကူးစက်ရန်တာစူ

 

အိုဂျိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဒီဇင်ဘာ ၁၁ ။                   ။ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မြောက်ပိုင်း၌ တနင်္ဂနွေနေ့က တောမီးကြီး   ပြင်းပြင်းထန်ထန် လောင်ကျွမ်းခဲ့ပြီး နယ်မြေအများအပြားကို ကြီးမားစွာထိခိုက်ပြီးနောက်တွင် အခြားမြို့များသို့ ဆက်လက် ကူးစက်ရန်တာစူနေကြောင်း သိရသည်။

ရက်အတန်ကြာအောင် လောင်ကျွမ်းနေခဲ့သော အဆိုပါတောမီးကြီးသည် ယခုအခါတွင် ဆန်တာဘာဘရာနှင့် ၄င်း၏အနီးရှိ ကာပင်တာရီယာ ဆိပ်ကမ်းမြို့တို့သို့ ကူးစက်ရန်လောင်ကျွမ်းရန် တာစူနေပြီး ယင်းတောမီးသည် ကယ်လီဖိုးနီးယားသမိုင်း၌ အကြီးမားဆုံးသော တောမီးလောင်ကျွမ်းမှုဖြစ်ကြောင်း သိရသည်။

အဆိုပါတောမီးကြောင့် အဆောက်အအုံ ၆၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မြေဧက ၁၇၃၀၀၀ ခန့်အထိ မီးသင့်ခဲ့ ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူက ယင်းတောမီးသည် အမေရိကန်ရှိ လူဦးရေအထူထပ်ဆုံးနေရာများထဲမှ တစ်ခုဖြစ်သော နယ်မြေထဲ၌ မကြံုစဖူးကြီးမားလောက်သည့် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောဆိုခဲ့သည်။

“ကျနော့်ရဲ့မြို့ကနေ ဆုတောင်းပေးနေပါတယ်။ မီးက တဖြည်းဖြည်းနီးကပ်လာပါပြီ။ မီးသတ်သမားတွေဟာ ရွပ်ရွပ်ချွံချွံနဲ့ ကြိုးစားငြိမ်းသတ်နေပါတယ်။ အခုတော့ အရေးပေါ်နေရာပြောင်းရွှေ့ဖို့ အထုပ်အပိုးပြင်နေပါတယ်” ဟု ဆန်တာဘာဘရာမြို့၌နေထိုင်သည့် မင်းသားရော့ဘ်လိုဝီက သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

ယခုအခါတွင် လော့ပါဒရက်စ်အမျိုးသားသစ်တောထဲ၌ လောင်ကျွမ်းနေသည့်တောမီးကြောင့် ယင်းနှင့်နီးကပ် နေသည့် ကာပင်တာရီယာမြို့မှ မြို့ခံများကို ညတွင်းချင်းအရေးပေါ်နေရာပြောင်းရွှေ့ဖို့ အမိန့်ထုတ်ထားသည်။

အမျိုးသားမိုးလေဝသဌာန၏အဆိုအရ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ရာသီဥတုအခြေအနေသည် ခြောက်သွေ့ နေဆဲဖြစ်သော်လည်း တောမီး၏အင်အားပြင်းထန်အောင် ရက်ပေါင်းများစွာကြာ အရှိန်နှင့်တိုက်ခတ်နေသည့် လေသည် ယခုအခါတွင် ငြိမ်သက်သွားပြီဖြစ်ကြောင်း သိရသည်။

၄င်းဌာနက “မီးအရှိန်ပြင်းအောင်လုပ်ဆောင်နေတဲ့ ရာသီဥတုအခြေအနေဟာ တနင်္ဂနွေနေ့ညမှာ ငြိမ်သက်သွား ပါပြီ။ သို့သော်လည်း ဇွဲကောင်းကောင်းနဲ့ လောင်ကျွမ်းနေတဲ့တောမီးကြောင့် လာမယ့်အပတ်အတွင်းထိတော့ အန္တရာယ်ရှိနေပါသေးတယ်” ဟု သတင်းထုတ်ပြန်ခဲ့သည်။

“ပြန်လည်ကောင်းမွန်လာတဲ့ ရာသီဥတုကြောင့် မီးသတ်သမားတွေဟာ တောမီးကို အကန့်အသတ်နဲ့ထိန်းချုပ် ထားနိုင်ပြီဖြစ်ပါတယ်” ဟုလည်း မီးသတ်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required