“ ဘဏ်နဲ့ ငွေရေးကြေးရေး အကြပ်အတည်းပြသနာ ဗဟိုဘဏ် ဖြေရှင်းနိုင်မလား ”

“ ဘဏ်နဲ့ ငွေရေးကြေးရေး အကြပ်အတည်းပြသနာ ဗဟိုဘဏ် ဖြေရှင်းနိုင်မလား ”

အခုရက်ပိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီအတွင်း အကွဲအပြဲနဲ့ အဲဒီ ပြသနာ လွှတ်တော်ဘက် ကူးစက်သွားမှု သတင်း၊ ဘဏ်တစ်ချို့ ပြိုလဲမယ် ဆိုပြီး ကောလဟလတွေထွက်လို့ ငွေစုထားသူတွေ ထုတ်ယူနေ ကြတဲ့ သတင်းနဲ့ မြန်မာကျပ်ငွေတန်ဘိုး အလျင်အမြန် ကျဆင်းနေတဲ့ သတင်းတွေ ဆက်စပ် ဖြစ်ပေါ်နေပါတယ်။

ဒီ သတင်းတွေဟာ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကြားမှာရော၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အပြင် ပြည်သူတွေကြားမှာပါ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေပါတယ်။ ဘာပြသနာတွေ ဖြစ်နေပါသလဲ၊ အကြောင်းရင်းခံက ဘာပါလဲ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဒီ ပြသနာတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပထမ ပြသနာ တစ်ခုကတော့ ဘဏ်တစ်ချို့ ပြိုလဲမယ် ဆိုတဲ့ သတင်းပါ။ ဒီအတွက် အဲဒီဘဏ်မှာ ငွေ စုဆောင်းထားသူတွေဟာ သူတို့ အပ်ငွေတွေ ထုတ်ယူပြီး မြန်မာ့စီးပွားရေး ဘဏ်လို စိတ်ချရတဲ့ ဘဏ်တွေဆီ အပ်နှံနေကြတယ် ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ပါတယ်။ အတည်ပြုလို့ ရတဲ့ သတင်းတွေအရ အဲလို ငွေထုတ်ယူမှုတွေ ကမ္ဘောဇ ဘဏ်မှာ ဖြစ်တယ်ဆိုပေမယ့် အခြား ဘဏ်တွေမှာတော့ မဖြစ်ပေါ်ဘူးလို့ ဆိုပါတယ်။ နောက် အဲဒီ ဘဏ်က ငွေထုတ်ယူခဲ့သူတွေ အစိုးရဘဏ်တွေမှာ သွားအပ်နှံကြတယ် ဆိုပေမယ့် ဘယ်လောက် အတိုင်းအတာ အထိ အပ်နှံတယ် ဆိုတာကိုတော့ မသိနိုင် ပါဘူး။

ဘဏ်တစ်ခုဆိုတာ မတည်ငွေရင်း၊ အများပြည်သူ အပ်နှံငွေ၊ ချေးငွေ တွေနဲ့ လည်ပတ်နေတာပါ။ ပြသနာ တစ်စုံတစ်ခုကြောင့်၊ ကောလဟလ တစ်ခုခုကြောင့် ငွေအပ်နှံထားသူတွေ အလုံးအရင်း နဲ့ငွေပြန် ထုတ်ကြရင်တော့ အဲဒီဘဏ် အခက်အခဲတွေ့မှာ အသေအခြာပါပဲ။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံ ဘဏ်စနစ်အရ ဗဟိုဘဏ်ရဲ့ ထိန်းကျောင်းမှု၊ အခြား ဘဏ်တွေမှာ ခုလို အခက်အခဲ မဖြစ်ပေါ်မှု၊ လူတစ် ချို့က အစိုးရဘဏ်တွေမှာ ပြန်လည် အပ်နှံမှု စတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင် ကမ္ဘောဇဘဏ်ရဲ့ လတ်တလော ပေါ်ပေါက်နေတဲ့ ပြသနာကို ဗဟိုဘဏ်က ကောင်းကောင်း အကူအညီပေးနိုင်ပါ တယ်။ သေခြာတာ တစ်ခုကတော့ ဘယ်လောက် ပြသနာပေါ်ပေါ် ငွေအပ်နှံထားသူတွေ ဆုံးရှုံးမှု မရှိနိုင်ဘူး ဆိုတာပါပဲ။

ဒါပေမယ့် ပြသနာက ဘဏ်ရဲ့ ကောလဟလ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဒေါ်လာငွေကြေးနဲ့ နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေ တန်ဘိုး အလျင်အမြန် ကျဆင်းနေတဲ့ ပြသနာကလည်း တစ်ပြိုင်နက် တည်း ပေါ်ပေါက်နေပါတယ်။ မြန်မာကျပ်ငွေ တန်ဘိုး တက်ခြင်း၊ ကျဆင်းဆိုတာ ကမ္ဘာမှာ ဒေါ်လာငွေ တန်ဘိုး မာလာတဲ့ ကိစ္စ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အစိုးရ အသုံးစားရိတ် မှာ လိုငွေပြမှု ပမာဏ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ကုန်သွယ်မှု လိုငွေပမာဏ၊ ဈေးကစား အမြတ်ထုတ်သူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှု၊ ပြည်သူတွေ ကျပ်ငွေအပေါ် ယုံကြည်မှု ရှိမရှိ စတဲ့ အခြေအနေတွေ နဲ့လည်း ဆက်စပ်နေတာပါ။ ဒီ ပြသနာတွေထဲက အရေးအကြီးဆုံး ပြသနာတွေဖြစ်တဲ့ အစိုးရ ဘတ်ဂျက်လိုငွေပြမှု၊ ကုန်သွယ်ရေး လိုငွေပြမှု ပြသနာတွေနဲ့ ပါတ်သက်ရင်တော့ အစိုးရ ကိုယ်တိုင်က ကိုင်တွယ်ဖြေရှင်းမှ ရမယ့် အနေအထားပါ။ ဗဟိုဘဏ် တစ်ခုတည်းက ဒီ ပြသနာကြီးကို မကိုင်တွယ်နိုင်ပါဘူး။

ကျန်တဲ့ ပြသနာတွေကိုတော့ ဗဟိုဘဏ်က ကိုင်တွယ်မယ် ဆိုရင် ကိုင်တွယ်လို့ ရနိုင်ပါတယ်။ ဈေးကစား အမြတ်ထုတ်လိုသူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ချက် ပမာဏ ကလည်း မသေးပါဘူး။ လက်ရှိ အစိုးရက ခွင့်ပြုထားတဲ့ ဘဏ်နဲ့ ပုဂ္ဂလိကပိုင် နိုင်ငံခြားငွေလဲ ကောင်တာ ၇၂၇ ခု ရှိနေပါတယ်။ ငွေကြေး မှောင်ခိုရောင်းဝယ် အမြတ်ထုတ်နေသူတွေဟာ ပြည်သူတွေ အဲဒီ ငွေလဲကောင်တာတွေမှာ လဲလှယ်ခြင်း မရှိအောင် နည်းပေါင်းစုံနဲ့ အားထုတ်ပါတယ်။ အထူးသဖြင့် ငွေလဲလှယ်နှုန်းကို ငွေလဲကောင်တာတွေနဲ့ မတူအောင် သတ်မှတ် ရောင်းဝယ်တာမျိုးဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ ပြင်ပငွေလဲလှယ်တဲ့ မှောင်ခိုဈေးကွက် အလွန်ကြီးမားနေပြီး ဗဟိုဘဏ်ရဲ့ ငွေကြေးပေါ်လစီ ထိန်းကျောင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလို မှောင်ခိုဈေးကွက် မှာငွေကြေး လဲလှယ် တာကို အင်အားကြီးတဲ့ ပုဂ္ဂလိက ဘဏ်တစ်ချို့ကလည်း ပါဝင်လုပ်ကိုင်နေတဲ့အတွက် ငွေကြေးဈေးကွက်ကို ပိုပြီး ကမောက်ကမ ဖြစ်စေပါတယ်။ ဗဟိုဘဏ်ကိုယ်တိုင်ကလည်း ဒီ ပြသနာကို ကိုင်တွယ်ဖို့ ဆန္ဒမရှိတာ၊ လက်တွေ့လည်း ကိုင်တွယ်မှု မရှိတာကြောင့် ခုလို ငွေကြေးဈေးကွက် အတက်အကျ ကြမ်းပြီး ငွေကြေးတန်ဘိုး မတည်မငြိမ် ဖြစ်စေတာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတာက မြန်မာကျပ်ငွေ တန်ဘိုး အလျင်အမြန် ကျဆင်းလာနေမှုကြောင့် ကျပ်ငွေကို စုဆောင်းငွေ အဖြစ် ထားသူတွေအနေနဲ့ သူတို့ ငွေ တန်ဘိုး ကျဆင်းမသွားရအောင်၊ ဆုံးရှုံးမှု နည်းအောင်၊ ကိုယ့်ပိုင်ဆိုင်မှု လုံခြုံမှုရှိအောင် ဒေါ်လာ ဒါမှမဟုတ် နိုင်ငံခြားငွေ တစ်မျိုးမျိုးကို ဝယ်ယူစုဆောင်းလာကြတာ ဖြစ်ပါတယ်။ ဒေါ်လာငွေ သို့မဟုတ် နိုင်ငံခြားငွေ တစ်ခုခုကိုင်ထားတာ လက်ဝယ်တွေ့ရင် ထောင်ချလို့ ရတဲ့ အရင် စစ်အစိုးရခေတ်တုန်းကတောင် ပြည်သူတွေဟာ သူတို့ ပိုင်ဆိုင်မှု လုံခြုံစိတ်ချရအောင် ဒေါ်လာကို ခိုးကြောင်ခိုးဝှက် စုဆောင်းတာ၊ ရွှေကို ဝယ်ယူစုဆောင်းတာ ရှိခဲ့ကြလေတော့ အခုခေတ်လို နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ထားခွင့် ရှိချိန်မှာ ပိုပြီး ပြောင်းလဲ စုဆောင်းကြမှာ အသေအခြာပါပဲ။ ပြည်သူတွေ အနေနဲ့ မြန်မာကျပ်ငွေ အပေါ် အယုံအကြည် နည်းလေလေ၊ နိုင်ငံခြားငွေကို ဝယ်ယူစုဆောင်းတာတွေ လုပ်လာလေလေ၊ ကျပ်ငွေ တန်ဘိုး ပိုပြီး ကျဆင်းလေလေ ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲပါပဲ။

ပြောရရင် တိုင်းပြည်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်ရောက်လာစေရေး၊ ရင်းနှီးမြှုပ်နှံသူတွေ မြန်မာ့ဈေးကွက်ကို ယုံကြည်မှု ရှိလာစေရေး၊ နိုင်ငံ့စီးပွားရေး တည်ငြိမ်မှု ရှိစေရေး၊ စီးပွားရေး လူမှုရေး အရ မတည်ငြိမ်မှုတွေ မဖြစ်စေရေး ဆိုတာဟာ မြန်မာကျပ်ငွေ တန်ဘိုး တည်ငြိမ်ရေးနဲ့ ဆက်စပ်နေပါတယ်။ ဗဟိုဘဏ်ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပုဂ္ဂလိက ဘဏ်တစ်ခုရဲ့ အကြပ်အတည်းကို ဝင်ရောက်ဖြေရှင်းနိုင်မှာ ဖြစ်ပေမယ့် မြန်မာကျပ်ငွေ တည်ငြိမ်ရေးကိစ္စကိုတော့ အတော်လေး ကြိုးစား ဖြေရှင်းမှ ရနိုင်မှာပါ။ ဒီအတွက် ပြီးခဲ့တဲ့ လပိုင်းက သမ္မတရဲ့ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် ရဲ့ မြန်မာ့ငွေကြေး ဈေးကွက်တည်ငြိမ်ရေး ဆိုင်ရာ အကြံပြုချက်တွေကိုလည်း အလေးထား လိုက်နာ ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags