ကိုလံဘီယာ၏ အလိုရှိဆုံးမူးယစ်ဂိုဏ်းခေါင်းဆောင်အား ရဲတပ်ဖွဲ့လက်ပူးလက်ကြပ်ဖမ်းမိ

ကိုလံဘီယာ၏ အလိုရှိဆုံးမူးယစ်ဂိုဏ်းခေါင်းဆောင်အား ရဲတပ်ဖွဲ့လက်ပူးလက်ကြပ်ဖမ်းမိ

ဘိုဂိုတာ၊ ဒီဇင်ဘာ ၁၀။            ။ ကိုလံဘီယာရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ မူးယစ်ဂိုဏ်းခေါင်းဆောင်များထဲမှ အလိုရှိဆုံးမူးယစ်ရာဇာဖြစ်သည့် အပြင် အမေရိကန်ပြည်ထောင်စုမှ ဒေါ်လာ ၂သန်းခန့် ဆုငွေထုတ်ထားသည့် ဟွမ်ကားလို့စ်မီဆာ ခေါ် “တွမ်” ဆိုသူအား လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ကိုလံဘီယာတာဝန်ရှိသူများက စနေနေ့၌ ကြေညာခဲ့သည်။

ကိုလံဘီယာကာကွယ်ရေးဝန်ကြီးက တွမ်ကို အန်တီယိုကွီယာခရိုင်အတွင်းရှိ အယ်လ်ပန်နိုလ်မြို့နယ်အတွင်း၌ ဖမ်းမိခဲ့ပြီဆိုသောသတင်းအား သူ၏တွစ်တာအကောင့်၌ ဖော်ပြခဲ့ပြီး ယခုနှစ်၏ အကြီးအကျယ်ဆုံးဖမ်းဆီးမှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒါ့အပြင်ကာကွယ်ရေးဝန်ကြီးဌာနက တွမ်သည် ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်မြို့၌အခြေစိုက်သည့် နိုင်ငံ အတွင်းရှိ ကြီးမားသောမူးယစ်ဂိုဏ်းဖြစ်သော အန်ဗီဂါဒိုအဖွဲ့၏ အကြီးအကဲဖြစ်သည်ဟု ဖော်ပြခဲ့သည်။

တရားဝင်အချက်အလက်များအရ တွမ်သည် လွန်ခဲ့သော ၁၉၈၈ခုနှစ်ကတည်းက ရာဇဝတ်မှုလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တရားမဝင်မူးယစ်ရောင်းဝယ်မှုများနှင့် ပက်သက်သည့် တစ်ဦးချင်းသို့မဟုတ် ကုမ္ပဏီများကိုဖော်ပြသည့် ကလင်တန်စာရင်းထဲ၌ လွန်ခဲ့သော ၂၀၁၄ခုနှစ်ကတည်းက ပါ၀င်ခဲ့သူဖြစ်ကြောင်း သိရသည်။

မက်ဒယ်လင်မြို့တော်ဝန်ဖြစ်သူ ဖက်ဒရီဂိုဂူတာရက်ဇ်သည် သူ၏မြို့အတွင်းနှင့် အန်တီယိုကွီယာခရိုင်အတွင်းရှိ ပြည်သူအားလုံး ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် တွမ်ကို အတူတကွဖမ်းဆီးကြမည်ဟု ရဲတပ်ဖွဲ့အား တောင်းဆိုခဲ့ဖူး သည်။

ပြီးခဲ့သောဧပြီလက ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်က တွမ်ကို ဖမ်းဆီးနိုင်သည့် သို့မဟုတ် တွမ်ကိုဖမ်းဆီးနိုင်ရန် သတင်းအတိအကျပေးနိုင်သည့် မည်သူ့ကိုမဆို ဒေါ်လာ ၂ သန်း ဆုချီးမြှင့်မည်ဖြစ် ကြောင်း ကတိပေးခဲ့ဖူးသည်။

El Tiempo နေ့စဉ်သတင်းစာ၏အဆိုအရ တွမ်သည် သူ၏မွေးနေ့ပါတီကျင်းပနေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။ သူနှင့်အတူ နာမည်ကျော်မူးယစ်ရာဇာကြီး ပတ်ဘလိုအက်စ်ကိုဘား၏ ကြေးစားလူသတ် သမားဖြစ်ခဲ့ဖူးပြီး ထောင်တွင်း၌ ၂၃ နှစ်ကျော်နေထိုင်ခဲ့ရသည့် Popeye ခေါ် ဂျွန်ဂျိုင်ယိုဗယ်လက်စ်ကွက်ဇ် ဗက်စ်ကွက်ဇ်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags