ပင်လယ်ရေကြောင်းသွားလာမှုပိတ်ဆို့ခြင်းသည် စစ်ကြေညာခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားသတိပေး

ပင်လယ်ရေကြောင်းသွားလာမှုပိတ်ဆို့ခြင်းသည် စစ်ကြေညာခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားသတိပေး

ဆိုးလ်၊ ဒီဇင်ဘာ ၁၀။         ။  ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုကြောင့် အမေရိကန်ပြည်ထောင်စုဘက်မှ ပြံုယမ်းအစိုးရအပေါ် အရေးယူဒဏ်ခတ်မှု အသစ်များ ပြုလုပ်ရန်ပြင်ဆင်နေပြီး ထိုဒဏ်ခတ်မှုများထဲမှတစ်ခုဖြစ်သည့် ပင်လယ်ရေကြောင်းသွားလာမှု ပိတ်ဆို့ရန်စီစဉ်နေခြင်းသည် စစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်ဟု မြောက်ကိုရီးယားတို့ဘက်မှ တနင်္ဂနွေနေ့၌ သတိပေးခဲ့သည်။

“အမေရိကန်တို့ဘက်က ပင်လယ်ရေကြောင်းသွားမှုပိတ်ဆို့ခြင်းဟာ သည်းမခံနိုင်စရာလုပ်ရပ်ဖြစ်ပါတယ်။ ဒါဟာသူတို့ဘက်ကနေ လွတ်လပ်တဲ့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ရည်ရွယ်ချက်ရှိရှိနဲ့ ထိပါး ဖောက်ဖျက်ခြင်းဖြစ်ပါတယ်” ဟု မြောက်ကိုရီးယား၏ နိုင်ငံပိုင်သတင်းစာထဲမှ ဆောင်းပါးတစ်ခု၌ ဖော်ပြထား သည်။

“အမေရိကန်တို့ဟာ မြောက်ကိုရီးယားတို့ရဲ့ ပင်လယ်ရေကြောင်းသွားလာမှုကိုပိတ်ပင်ဖို့ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နေပြီး နိုင်ငံရဲ့စီးပွားရေးကို ကြပ်တည်းအောင် ကြိုးပမ်းနေပါတယ်။ ဒါဟာမြောက်ကိုရီးယားနိုင်ငံ အပေါ် ဆယ်စုနှစ်များစွာကြာအောင်ထားရှိခဲ့တဲ့ ၄င်းတို့ရဲ့ နိုင်ငံရေးနဲ့စီးပွားရေးပိတ်ဆို့မှုကို အရှိန်မြှင့်တင် လုပ်ဆောင်တာပဲဖြစ်ပါတယ်” ဟု ထိုဆောင်းပါးထဲ၌ ဖော်ပြထားသည်။

ထိုဆောင်းပါးကို နိုင်ငံပိုင်သတင်းဌာန KCNA ၌လည်း ထုတ်ပြန်ခဲ့သည့်အပြင် ငြိမ်းချမ်းနေသည့်အချိန်၌ နိုင်ငံ တစ်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ခြင်းသည် တရားမဝင်ကြောင်း အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ထဲ၌ ဖော်ပြထားကြောင်းနှင့် ယင်းလုပ်ရပ်သည် ကျူးကျော်ရန်စခြင်းဖြစ်သည်ဟု မှတ်ယူနိုင်ကြောင်း ဖော်ပြခဲ့သည်။

ဒါ့အပြင်အမေရိကန်တို့ဘက်မှ တောင်ကိုရီးယားနှင့်အတူ ကိုရီးယားကျွန်းဆွယ်၌ ပူးပေါင်းလေကြောင်းလေ့ကျင့် မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် ထိန်းချုပ်မနိုင်သောအခြေအနေများမှတဆင့် စစ်မက်ဖြစ်ပွား သော အခြေအနေကို ရောက်ရှိသွားနိုင်ကြောင်း ပြံုယမ်းအစိုးရဘက်မှ ပြောကြားခဲ့သည်။

ထို့အပြင် ပင်လယ်ရေကြောင်းပိတ်ဆို့မှုကို လက်တွေ့ကျင့်သုံးခဲ့ပါက မြောက်ကိုရီးယားတို့ဘက်မှ မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် မီးကုန်ယမ်းကုန်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အား အဆိုပါဆောင်းပါးထဲ၌ သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required