ရခိုင်ပညာရေးဘတ်ဂျက် သန်း ၂၇၀၀ နိုင်ငံတော်သို့ ပြန်အပ်ခြင်းမှာ အပြီးသတ် အပ်နှံခြင်းမဟုတ်ဟု ဆို

ရခိုင်ပညာရေးဘတ်ဂျက် သန်း ၂၇၀၀ နိုင်ငံတော်သို့ ပြန်အပ်ခြင်းမှာ အပြီးသတ် အပ်နှံခြင်းမဟုတ်ဟု ဆို
ဓာတ်ပုံ - အောင်အောင်ထူး/RiA
 

စစ်တွေ၊ ဒီဇင်ဘာ ၉ ရက်။           ။ ရခိုင်ပြည်နယ် ပညာရေးဌာနမှ စာသင်ကျောင်း ဆောက်လုပ်ရန် လျာတားရရှိထားသည့် ဘတ်ဂျက် ငွေထဲမှ ကျပ်သန်း ၂၇၀၀ ကို နိုင်ငံတော်သို့ ပြန်အပ်ခဲ့ပြီး ထိုသို့ အပ်နှံခဲ့ခြင်းမှာ အပြီးသတ် အပ်နှံခြင်းမဟုတ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ငွေစာရင်းဌာန ဦးစီးအရာရှိ ဦးကျော်နိုင်က RiA သို့ ပြောသည်။

“ သန်းပေါင်း ၂၇၀၀ကို  မယူတော့ဘူးလို့ ပြန်ပေးလိုက်တာ မ ဟုတ်ဘူး။ လာမယ့် နှစ်မှာ သန်းပေါင်း ၁၀၀၀၀ ရမယ် ဆိုလို့ ရှိရင် အခု ၁၀၀၀၀ နဲ့ ပေါင်းတော့ သန်းပေါင်း ၁၂၇၀၀ ရမယ်ပေါ။့ အဲဒါကိုအထင်မှား အမြင်မှားဖြစ်နေကြတာ”ဟု ဦးကျော်နိုင်ကပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်၌ စာသင်ကျောင်းပေါင်း ၂၀၀ ဆောက်လုပ်ရန် လျာတားခဲ့ပြီး ယင်းထဲမှာ ၃၅ ကျောင်းမှာ ဆောက်လုပ်ရန် မလိုတော့ဟု ဆိုကာ ထို ၃၅ ကျောင်းအတွက် ကုန်ကျမည့် ကျပ်သန်း ၂၇၀၀ ကို ယင်းသို့ ပြန်လည် အပ်နှံခဲ့ခြင်းလည်း ဖြစ်သည်။

မိုရာမုန်တိုင်း တိုက်ခတ်မှုများ အပါအဝင် တည်ဆောက်ရန် လိုအပ်သည့် စာသင်ကျောင်းများအနက် ထို ၃၅ ကျောင်းကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များနှင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ကူညီမှုများကြောင့် ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်သဖြင့် ထို ဘတ်ဂျက်ဖြင့် ဆောက်လုပ်ရန် မလိုတော့ခြင်း ဖြစ်သည်ဟု ပြည်နယ်ပညာရေးဌာနက ဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ဘတ်ဂျက်ငွေ သန်း ၂၇၀၀ ကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံမည်ဟု ပြည်နယ်ပညာရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းမြင့် လက်မှတ် ရေးထိုးပါရှိသည့် ထုတ်ပြန်စာ ထွက်ပေါ်လာပြီးနောက် ဘတ်ဂျက်ငွေ ပြန်အပ်မည့်အပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

“ ဒီနှစ်မှာပါတဲ့ ၃၅ ကျောင်းဟာ INGO တွေ ဆောက်လို့၊ Type-C ဆောက်လို့ပြီးသွားပြီ။ ၂၀၁၇-၁၈ က ငွေကို ပြောင်းလဲ ဆောက်လုပ်မည် ဖြစ်ပါကြောင်းလို့ တင်ပြလိုက်တာပါ” ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ငွေစာရင်းဌာန ဦးစီးအရာရှိ ဦးကျော်နိုင်က  ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောင်းပေါင်း ၃၁၃၄ ကျောင်း ရှိသည့်အနက် ကျောင်းပေါင်း ၁၀၀၀ ကျော်ခန့်မှာ ဥပဓိ ရုပ်မကောင်းသော၊ ပျက်စီးနေသော ကျောင်းများသာဖြစ်သဖြင့် ကျန် စာသင်ကျောင်းများကို နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များက ပညာရေးဌာနမှ စာရင်းများ တောင်းခံ၍ ဆောက်လုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly