သုံးနှစ်ကြာ အိုင်အက်စ်စစ်ပွဲ အောင်ပွဲဖြင့် အဆုံးသတ်ပြီဟု အီရတ်ဝန်ကြီးချုပ် ကြေညာ

သုံးနှစ်ကြာ အိုင်အက်စ်စစ်ပွဲ အောင်ပွဲဖြင့် အဆုံးသတ်ပြီဟု အီရတ်ဝန်ကြီးချုပ် ကြေညာ

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၉ ။               ။ အီရတ်နိုင်ငံအတွက် အန္တရာယ်ဘေးဖြစ်သည့် အိုင်အက်စ်ဂျီဟတ်ဝါဒီများကို အီရတ်တပ်ဖွဲ့ဝင်များ၏ သုံးနှစ်ကြာ တိုက်ထုတ်ရှင်းလင်းရေး စစ်ပွဲသည် အောင်ပွဲဖြင့် အဆုံးသတ်ပြီဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် အဘာဒီက ဒီဇင်ဘာ ၉ ရက်တွင် ကြေညာသည်။

“အီရတ်-ဆီးရီးယား နယ်စပ်ကို ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ။ ဒီအတွက် အိုင်အက်စ်တွေကို ချေမှုန်းစစ်ပွဲဟာ အဆုံးသတ်ပြီဖြစ်ကြောင်း ကျွန်တော် ကြေညာပါတယ်။”ဟု ဘဂ္ဂဒက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဘာဒီက ပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့ ရန်သူတွေဟာ ကျွန်တော်တို့ ပြည်သူတွေကို သတ်ချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စည်းလုံးမှု၊ ခိုင်မာပြတ်သားမှုတွေကနေတစ်ဆင့် ကျွန်တော်တို့ဟာ အနိုင်ရရှိတာပဲဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

အိုင်အက်စ်တို့သည် ၂၀၁၄ ခုနှစ်အတွင်း အီရတ် မြောက်ပိုင်းနှင့် အနောက်ပို်င်းဒေသများအား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က ကစဉ့်ကလျားအနေအထားဖြင့် အီရတ်စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကာ နို်င်ငံ၏ အများစု ရှီယိုက်တို့၏ ဘာသာရေးခေါင်းဆောင်က အထွေထွေစစ်ကြေညာကာ ဟာရှိအယ်ရှာဘီလက်နက်ကိုင်တပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

အီရတ်တပ်ဖွဲ့များက အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်များ၏ လေကြောင်းထိုးစစ် နောက်ခံအားယူကာ ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး အိုင်အက်စ်လက်အောက်မှ တစ်မြို့ပြီး တစ်မြို့ပြီး ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် သတင်းကောင်း ကြေညာပါတယ်။ အီရတ်-ဆီးရီးယား နယ်စပ်တစ်ခုလုံး အီရတ်တပ်တွေကြောင့် လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ် အဘာဒီက
အီရတ်ဂျာနယ်လစ်များသမဂ္ဂက စီစဉ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာသွားခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required