ကျောက်ကပ်ပျက်စီးစေသောအစားအစာများ(အပိုင်း ၂)

ကျောက်ကပ်ပျက်စီးစေသောအစားအစာများ(အပိုင်း ၂)

 

မေး။    ။ ကျောက်ကပ်ဆေးနေရတာသုံးနှစ်ရှိပါပြီ။ မြန်မာဆေးတွေနဲ့ရောသက်သာနိုင်တာရှိလား။
ဖြေ။    ။ ဟုတ်ကဲ့ တကယ်တမ်းပြောရင်တော့ ကျောက်ကပ်ဆေးတာက ကျွန်တော်တို့ကဘယ်လိုမှ ဆေးဝါးတွေနဲ့ ထိန်းလို့ မရတော့ဘူးခုနက ကျွန်တော်ပြောတဲ့ ကျောက်ကပ် နာတာရှည်ပျက်စီးတဲ့အပိုင်းကအဆုံးစွန်ပိုင်းပေါ့ အဲဒီကိုရောက်သွားပြီဆိုရင်တော့ ကျွန်တော်တို့ကဘယ်ဆေးနဲ့မှ ထိန်းလို့ မရတော့ပါဘူး။ အင်္ဂလိပ်ဆေးလည်းအခုလက်ရှိထိတော့ ဘယ်လိုမှ ပျောက်နိုင်တယ်ဆိုတဲ့ ဆေးမရှိသေးပါဘူး။ အဲဒီတော့ သူဆေးနေရတာမှန်တယ် တကယ်လည်းသူဆေးနေရတယ်ဆိုရင်တော့ သူကဆေးရင်ဆေးမဆေးရင် ကျောက်ကပ် အစားထိုးလဲလှယ်ခြင်းလုပ်နိုင်တယ်။ ဒီနှစ်ခုကလွဲရင်တော့ ကျန်တဲ့ နည်းလမ်းတော့ သိပ်မရှိတော့ဘူးပေါ့။
မေး။    ။ ဘယ်လောက်လောက်ကြာရင် ပြန်ဆေးရတာမျိုးရှိလဲ။
ဖြေ။    ။ ကျောက်ကပ်ဆေးတယ်ဆိုတာကတော့ သူ့ရဲ့ အဓိကအချက်ကဘာလဲဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အညစ်အကြေးတွေရယ် ရေတွေရယ်ကိုထုတ်ပစ်တာပေါ့နော်။ အဲဒီတော့ တကယ်တမ်းပြောရင် လူတစ်ယောက်ကကျန်းမာတဲ့လူတစ်ယောက်ကသူ့ရဲ့ကျောက်ကပ်က ၂၄ နာရီအလုပ်လုပ်နေတယ်။ သူ့မှာနားတယ်ဆိုတာမရှိဘူးပေါ့။ ဒါကြောင့်မို့ ညဘက်ကိုလည်းထပြီးတော့ ဆီးသွားရတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ကအဲဒီလို ၂၄ နာရီအလုပ်လုပ်နေတယ် အင်္ဂါအစိတ်အပိုင်းချို့ယွင်းသွားတဲ့အခါကျတော့ ကျွန်တော်တို့ ဒီအတိုင်းပဲအကြာကြီးထားလိုက်ရင် စောစောကပြောတဲ့ အညစ်အကြေးတွေ ပြည့်လာရင် ရေတွေများလာရင် လူကဘယ်လိုမှ နေလို့ထိုင်လို့ မရတော့ဘူး။ အဲဒီအခါကျရင် တစ်ခါ ပြန်ပြရတယ်။ ဒီတော့ ပုံမှန်ဆိုလို့ရှိရင်တော့ နိုင်ငံတကာစံနှုန်းပေါ့ အဲဒါကတော ့တစ်ပတ်မှာသုံးခါရှိတယ်။ ဒါကကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်တော်တော်များများကတစ်ပတ်မှာသုံးခါဆေးတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ အကြောင်းကြောင်းကြောင့် အခက်အခဲကြောင့် တစ်ပတ်ကို နှစ်ခါလောက် ဆေးနိုင်ရင်ကိုတော်တော်လေးမဆိုးလောက်ဘူးလို့ ယူဆတယ်ပေါ့နော်။ ကျွန်တော်တို့လူနာထဲမှာတော့ တစ်ပတ်ကိုသုံးကြိမ်ဆေးတဲ့ လူနာကတော့ လူနည်းစုပဲရှိပါတယ်။ အများစုကတော့ မှန်တာပြောရရင် တစ်ပတ်ကို နှစ်ခါတောင် မဆေးနိုင်ပါဘူး။ အဲဒီအခါကျတော့ သူ့ရဲ့ တိုးတက်မှုအပိုင်းကလည်းစိတ်တိုင်းကျ မဖြစ်ဘူးပေါ့။
မေး။    ။ ကျောက်ကပ်ရောင်နေတာ ၂ နှစ်ရှိပြီ။ အခုထိမသက်သာသေးဘူး။ ကျောက်ချေထားတာလည်း ၂ နှစ်ရှိပြီအခုကျောက်ပြန်တည်နေတယ် ဆေးကုနေရတုန်းပဲဘာဆက်လုပ်ရမလဲ ။
ဖြေး။    ။ တကယ်တော့ ကျောက်ချေတဲ့အပိုင်းကတော့ ကျွန်တော်တို့ မလုပ်ပါဘူး။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်လို့ ပြောလို့ရတဲ့ ဆီးနဲ့ကျောက်ကပ် ခွဲစိတ်ပါရဂူတွေကလုပ်ကြပါတယ်။ ကျွန်တော်တို့ဖက်ကတော့ ဆေးပေးတယ်။ ဆေးနဲ့ကတိုးတက်မှုမရှိဘူး။ သို့မဟုတ် ဆေးပေးလို့ မရနိုင်တော့ဘူးဆိုရင်တော့ ကျွန်တော်တို့ကခွဲစိတ်တဲ့ဆရာဝန်တွေ တာဝန်ယူတာပေါ့နော်။ အဲဒီတော့ သူကချေလည်းချေပြီးပြီဒါပေမယ့် ပြန်ဖြစ်တယ်ဆိုတဲ့အပိုင်းမှာလည်းတစ်ပိုင်းကတော့ ချေလိုက်တဲ့အချိန်မှာသူကအကုန်ကြေမသွားတာလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ဥပမာသုံးလုံးရှိတယ် နှစ်လုံးကတော့ ကြေသွားတယ် တစ်လုံးကကျန်နေတယ်။ ဒါမှမဟုတ်လို့ရှိရင် ချေလိုက်တဲ့အလုံးကပဲ့သွားပြီးတော့မှ အကုန်အပြင်ကိုမထွက်သွားဘဲနဲ့ အထဲမှာအစိတ်အပိုင်းလေးတွေ ကျန်နေတာမျိုးလည်းရှိနိုင်တယ်။ နောက်တစ်ပိုင်းကတော့ အသစ်ပြန်ဖြစ်တာပေါ့။ တချို့လူတွေကတော့ သူများတွေထက်စာရင် ကျောက်တည်တက်တဲ့ သဘောသဘာဝရှိတက်တယ်။ အဲဒါဆိုလို့ရှိရင်တော့ သူ့အခံရောဂါ တစ်ခုခုရှိသလားဒါမှမဟုတ်ရင် အကြောင်းအရင်းတစ်ခုခုကို ကျွန်တော်တို့ကရှာဖွေဖို့လိုတယ်။ ခန္ဓာကိုယ်ထဲမှာထုံးဓာတ်တွေများနေတာတွေ အဆီဓာတ်တွေ များနေတာတွေပေါ့ အဲဒါမျိုးဆိုရင်လည်းကျောက်တည်တာမျိုးတွေ ဖြစ်တက်တယ်ပေါ့။ အဲဒါတွေကိုပါ ကုမှ သူကထပ်ပြီးတော့ ပြန်မဖြစ်တာပေါ့နော်။
မေး။    ။  ရေသောက်တာများသွားလို့ရှိရင် ဆီးအညိုရောင် ပြောင်းသွားပြီးဆီးသွားရင် နာကျင်လာပါတယ်။ အဲဒါ ကျောက်ကပ်များပျက်စီးနေပြီလားခင်ဗျာ။ ဆောင်ရန်ရှောင်ရန်လေးများညွှန်ကြားပေးပါဦး။
ဖြေ။    ။ ဟုတ်ပါပြီ။ ဘယ်လောက်နည်းသွားတယ်ဆိုတာကတော့ ကျွန်တော် စောစောကပြောသလိုပေါ့ ပုံမှန်ဆိုရင်တော့ တစ်ပုလင်းခွဲ နှစ်ပုလင်းလောက် သောက်နိုင်ရင်ကိုနည်းတယ်လို့ ဆိုလို့မရပါဘူး။ တစ်ခါတစ်လေဖြစ်တတ်တာကတော့ အလုပ်အကိုင်တွေများတယ် သို့မဟုတ် ခရီးသွားတယ် တခြားအကြောင်းအကြောင်းတွေကြောင့် ပုံမှန်မသောက်ဖြစ်ဘူးပေါ့နော်။ အဲဒီအခါကျရင် ကိုယ်ကအသောက်နည်းသွားတယ်။ ရေသောက်နည်းသွားတာနဲ့အမျှ ဆီးအရောင်ကရင့်သွားတာပဲ။ ဒါကသူ့ရဲ့ သဘောသဘာဝပါပဲ။ ရောဂါတော့ မဟုတ်ပါဘူး။ ဥပမာသိပ်ပြီးတော့ နေပူတဲ့အချိန်မှာဆိုရင် ချွေးတွေ အထွက်များလို့ရှိရင် ဆီးကနည်းသွားတယ်။ အဲဒီအချိန်မှာကိုယ့်ဘာသာကိုယ် ကြည့်လိုက်လို့ရှိရင် ပါတဲ့ဆီးကရင့်လာတာပါပဲ။ ရေများများသောက်လိုက်လို့ ဆီးပြန်ကျဲသွားရင် အရောင်က ပြန်ဖျော့သွားတာပေါ့နော်။ တကယ် ရောဂါရှိမရှိဆိုတာကတော့ ကျွန်တော်တို့ကဆီးတို့ သွေးတို့ စစ်ဖို့တော့ လိုအပ်ပါတယ်။
မေး။    ။ ဆီးနောက်နေတာဘာကြောင့်ပါလဲ ။
ဖြေ။    ။ ဆီးနောက်တယ်ဆိုတာမှာလည်းစောစောကအရောင်ရင့်တာတစ်မျိုးတည်းမဟုတ်ဘူးဆီးနောက်တဲ့အပိုင်းကအထဲမှာအမှုန်တွေပါတာရှိနိုင်တယ်။ အနယ်တွေပါတာရှိတယ် သို့မဟုတ် ကျောက်မှုန်လေးတွေ ပါလာနိုင်တယ်။ ဆီးပိုးကြောင့်လည်းအနယ်ထတယ်ပေါ့။ ဘယ်ဟာကြောင့် ဖြစ်တယ်ဆိုတာကိုတော့ ကိုယ်ကစစ်ဆေးဖို့ လိုတာပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ရေများများပြန်သောက်ကြည့်တယ် အရောင်ကသူ့ဟာနဲ့သူပဲကောင်းသွားတယ်ဆိုရင်တော့ သိပ်စိတ်ပူစရာမရှိဘူးပေါ့။ ဒီလိုမဟုတ်ပဲနဲ့ အမြဲတမ်းဖြစ်နေတယ်ဆိုရင်တော့ ဒါကတော့ ဆီးကိုစစ်ကြည့်ဖို့ လိုပါတယ်။ ဒါမှ အထဲမှာပိုးပါသလားအမှုန်တွေပဲလားအနယ်တွေပဲလားဆိုတာသိဖို့လိုပါတယ်။
မေး။    ။ ကျောက် ခဏခဏတည်တယ်။ နှစ်ခါခွဲပြီးပါပြီဘယ်လိုနေထိုင်သင့်ပါသလဲဘာတွေ ဆောင်ပြီးဘာတွေရှောင်သင့်ပါသလဲ ။
ဖြေ။    ။ ခုနကပြောသလိုပဲပေါ့ ကျောက်တည်တဲ့အပိုင်းမှာမကုန်သေးတာဆိုရင်တော့ ကျွန်တော်တို့က ပြန်စစ်ကြည့်လိုက်ပြီးတော့မှ ဓာတ်မှန်ရိုက်တယ် သို့မဟုတ် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုလုပ်ပြီးတော့ မရှိတော့ဘူးဆိုလို့ရှိရင် ထပ်မဖြစ်ဖို့ အရေးကြီးတာပေါ့။ အဲဒါကတော့ တစ်ပိုင်းကတော့ ဖြစ်နိုင်တဲ့ရောဂါတွေ များနေလားဆိုတာဒါလေးတွေ နောက်ပြီးဆီးတွေသွေးတွေလည်းစစ်လို့ရပါတယ်။ နောက်တစ်ပိုင်းကတော့ သူ့ကိုပုံမှန်လေးပေါ့ ၆ လတစ်ခါပဲဖြစ်ဖြစ် တစ်နှစ်တစ်ခါပဲဖြစ်ဖြစ် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုလေးတွေပေါ့ ဒါမျိုးလေးတွေလည်း ကျွန်တော်တို့ လုပ်လို့ရပါတယ်။
မေး။    ။ ညဘက်ရောက်လို့ရှိရင် ဆီးကသုံးလေးကြိမ်လောက် ထသွားရတယ်လို့ ပြောပါတယ်။ ့ စိုးရိမ်စရာရှိလား။ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကိုလည်းပြောပေးပါဦး ။
ဖြေ။    ။ အမျိုးသားမှာကတော့ အများအားဖြင့် အသက်ကြီးလာရင်တော့ ဆီးကျိတ်ဖြစ်တယ်ပေါ့နော်။ ဆိးကျိတ်ဆိုတာကတော့ အမျိုးသားတိုင်းမှာရှိတဲ့ မူလကတည်းကရှိပြီးသားလည်း ဖြစ်ပါတယ်။ သို့သော်လည်းသူကအသက် ၅၀- ၆၀ လောက်ဆိုရင် တဖြည်းဖြည်း ကြီးလာနိုင်တယ်ပေါ့။ ဆီးကျိတ်ကြီးလာလို့ရှိရင် ဆီးလမ်းကြောင်းကဆီးကျိတ်ကို ဖြတ်ပြီးတော့ သွားရတာ ဖြစ်တဲ့အတွက်ကြောင့် ညှစ်ထားသလို ဖြစ်တဲ့အတွက်ကြောင့် ဆီးလမ်းကြောင်းမှာလည်းဖြောင့်ဖြောင့်တန်းတန်းသွားလို့မရဘူး။ နောက်တစ်ခုကကုန်မသွားဘူးပေါ့။ ကုန်မသွားတဲ့အတွက်ကြောင့်မို့ ခဏနေရင် နောက်တစ်ခေါက် ပြန်သွားချင်တယ်။ အထူးသဖြင့် ညအိပ်တဲ့အချိန်မျိုးဆိုရင်လည်း မြန်မြန်သွားလိုက်တာပေါ့နော်။ အဲဒီအခါကျတော့ မကုန်ရင် ခဏခဏ ပြန်ပြန်ထရတယ်။ ဒါကအသက်ကြီးတဲ့လူတွေပေါ့နော်။ အသက်ကြီးတဲ့လူတွေမဟုတ်ပဲနဲ့ ခဏခဏညဘက်မှာသွားနေတယ်ဆိုရင်တော့ ဘာကြောင့်လဲဆိုတာလိုက်ရှာရမှာပေါ့။ အများစုကတော့ ကျွန်တော်တို့က မြန်မာလူမျိုးကညမိုးချုပ်သွားရင် သိပ်ပြီးတော့ စားလေ့မရှိဘူး။ နောက်တစ်ခုကရေသောက်တာပေါ့။ တချို့က ညအိပ်ခါနီးမှ ရေသောက်တာတွေရှိတယ်။ အိပ်ခါနီးသောက်ရင်တော့ ညဘက်မှာသွားနိုင်တာပေါ့နော်။ အဲဒီအခါမှာကိုယ်ကအိပ်ခါနီးဆိုရင် ရေသိပ်မသောက်သင့်ဘူးပေါ့။ ဒါပေမယ့် ဒီကြားထဲကမှ သွားနေသေးတယ်ဆိုရင်လည်းလိုအပ်တာတွေ စမ်းသပ်စစ်ဆေးလို့ရနိုင်ပါတယ်။
မေး။    ။ အထိုင်များတဲ့လူတွေဆိုရင်လည်းကျောက်ကပ်ဖြစ်နိုင်ချေများတယ် ဒါမှမဟုတ်ရင်လည်းတချို့သောအနောက်တိုင်းဆေးဝါးတွေ သောက်တာများရင်လည်းကျောက်ကပ်ကိုပျက်စီးနိုင်တယ် အဲဒါကရောဟုတ်လား။
ဖြေ။    ။ အထိုင်များတာကတော့ ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင် အထိုင်များတဲ့အတွက်ကြောင့်မို့ မြန်မာလိုပြောရင်တော့ ဆီးချုပ်တယ်ပေါ့နော်။ ဆီးရဲ့သဘောကလည်းဆီးအိမ်ထဲမှာဆီးရှိလာပြီး ပြည့်လာရင် ဆီးတင်းလာတဲ့အခါ သွားချင်တဲ့ ဆန္ဒ ဖြစ်လာတယ်။ အဲဒီအချိန်မှာကိုယ်ကသွားရတယ်ပေါ့။ တချို့ကျတော့ သွားချင်တဲ့ဆန္ဒဖြစ်လာပေမယ့် ချက်ချင်းမသွားဘူးပေါ့။ အဲဒီအခါကျရင် ဆီးအိမ်ကသူလုပ်တဲ့အလုပ်ကိုလုပ်တော့လုပ်နေတာပဲဒါပေမယ့် ဒါကို ကျွန်တော်တို့ကမလိုက်နာတဲ့အတွက်ကြောင့် နောက်ပိုင်းကျတော့ ပြဿနာတက်လာတယ် အထဲက ကြွက်သားတွေကအလုပ်ကိုပုံမှန် မလုပ်ချင်တော့ဘူး ဖြစ်လာတယ်ပေါ့။ နောက်တစ်ခုကအင်္ဂလိပ်ဆေးဝါးတွေထဲမှာလည်းအဓိကကတော့ အကိုက်အခဲပျောက်ဆေးပေါ့။ အထူးသဖြင့် ပါတာစီတမောလိုဆေးမျိုးကတော့ သိပ်ပြီးတော့ ကျောက်ကပ်ပေါ်မှာအကျိုးသက်ရောက်မှု နည်းပေမယ့် တခြားဒီထက်ပိုပြင်းတဲ့ ဆေးတွေပေါ့ အကိုက်အခဲပျောက်ဆေးတွေ အဲဒါတွေကတော့ အသုံးများလို့ရှိရင် အသုံးကြာလာရင် စွဲသုံးတာပေါ့။ အဲဒါမျိုးဆိုရင်တော့ ကျောက်ကပ်ပေါ်မှာတိုက်ရိုက်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။
မေး။    ။ ခါးနောက်ကျောနဲ့ ဘေးတွေ တောင့်တင်းပြီးနာပါတယ်။ ညာဘက်အောက်ပိုင်းတွေ အောင့်ပါတယ်။ တစ်ခါတစ်လေလည်းခြေလက်တွေလည်းတင်းနေပါတယ် ၊ ကျောက်ကပ်ဖြစ်သလားဆိုတာသိချင်ပါတယ်။
ဖြေ။    ။ ကျောက်ကပ်ရဲ့ ပုံမှန်တည်နေရာကတော့ ခါးအလယ်ရဲ့ ဘေးဘက်နားပေါ့နော်။ နံရိုးအောက် နှစ်လက်မသုံးလက်မလောက်အောက်ကနေပြီးတော့မှ အနောက်ဘက်မှာရှိပါတယ်။ အဲဒီတော့ သူကနာတယ်ဆိုလို့ရှိရင် အများအားဖြင့် အနောက်ဘက်ကနာလေ့ရှိပါတယ်။ ဥပမာအရှေ့ဘက်ကနာတယ်ဆိုတာကအစာအိမ်လမ်းကြောင်းအူသိမ်အူမတို့ဘက်က ဖြစ်ဖို့များသလိုအနောက်ဘက်ကနာတာတို့ဘာတို့ကတော့ ကျောက်ကပ်ပေါ့နော်။ အလယ်တည့်တည့်မှာမီးညှောင်ရိုးတို့ နံရိုးတို့လိုမျိုးနေရာမှာနာတယ်ဆိုရင်တော့ ဒါကကျောက်ကပ်ဖြစ်လို့ အလားအလာနည်းပါတယ်။ ဒါကတော့ ပုံမှန်အနေအထားကိုပြောတာပေါ့။   ။

ကျောက်ကပ်ပျက်စီးစေသော အစားအစာများ (အပိုင်း ၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/34707

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly