မကွေးဝန်ကြီးမှာ ပါတီဝင်အဖြစ် ဆက်ရှိ၊ အစိုးရအဖွဲ့မှ အရေးယူရေး ပါတီနှင့်တိုက်ရိုက် မသက်ဆိုင်

မကွေးဝန်ကြီးမှာ ပါတီဝင်အဖြစ် ဆက်ရှိ၊ အစိုးရအဖွဲ့မှ အရေးယူရေး ပါတီနှင့်တိုက်ရိုက် မသက်ဆိုင်

ရန်ကုန် ဒီဇင်ဘာ ၉ ။             ။ ဝန်ကြီး ဦးနေမျိုးကျော်အား NLD ပါတီတာဝန််များမှ ရုပ်သိမ်းလိုက်သော်လည်း ပါတီဝင်အဖြစ် ဆက် လက်ရှိနေဦးမည်ဖြစ်ပြီး၊ အစိုးရအဖွဲ့မှ အရေးယူရန် ကိစ္စမှာ ပါတီနှင့်တိုက်ရိုက်မသက်ဆိုင်ဟု ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောသည်။

 "အရေးယူရေးကိစ္စကတော့၊ အဲဒါက အစိုးရအဖွဲ့နဲ့ပဲ ဆိုင်တယ်လေ၊ ပါတီနဲ့တော့ တိုက်ရိုက်မဆိုင်ဘူး ပေါ့နော်၊ အဲဒါကတော့ အစိုးရအဖွဲ့က ဘယ်လိုစဉ်းစားမလဲမသိဘူး" NLD ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအေးကြူ(ခ) မုံရွာအောင်ရှင်က ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

မကွေးတိုင်းအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်အား တိုင်ကြားစာများအရ မကွေးတိုင်းအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး၊ ဗဟိုအလုပ်သမားရေးရာအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

"တာဝန်က ရပ်ဆိုင်းတာပါ၊ ထုတ်ပယ်တဲ့သဘောမျိုးတော့ မဟုတ်ပါဘူး၊ ပါတီဝင်အဖြစ်နဲ့ကတော့ ဆက်ရှိနေမှာပဲ" ဟု ဦးအေးကြူ(ခ) မုံရွာအောင်ရှင်က ပြောသည်။

ဝန်ကြီး ဦးနေမျိုးကျော်ကို တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး၍ ကျူးလွန်ကြောင်း တွေ့ရှိခဲ့ရသည် ဟု ဦးဉာဏ်ဝင်းက မနေ့ ဒီဇင်ဘာ ၈ ရက်နေ့က ပြောခဲ့သည်။

ထို့ပြင် လူမှုရေးပြဿနာများ စစ်ဆေးပေါ်ပေါက်ခဲ့သော မကွေးဝန်ကြီးအား အစိုးရအဖွဲ့မှ အရေးယူ ရေးကိစ္စမှာ ပြည်ထောင်စုအစိုးရမှ လတ်တလော ဘာမှမသိရသေးဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မကွေးတိုင်း၊ အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးနေမျိုးကျော် ကို လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ လူမှုကွန် ရက်စာမျက်နှာများတွင် ဝေဖန်ရေးသားနေမှုများ ရှိခဲ့ပြီး၊ ဝန်ကြီးကိုယ်တိုင် စက်တင်ဘာလ၂ရက်နေ့ နေ့လယ်ပိုင်းက မကွေးမြို့ဆုံရပ်ရပ်ကွက် (၁၀) လမ်းရှိ နေအိမ်တစ်အိမ်တွင် အဆိုပါ သတင်း မှန်ကန်မှု မရှိကြောင်း သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့သည်။

အဆိုပါကိစ္စအား ပါတီဌာနချုပ်သို့ တိုင်ကြားမှုများရှိခဲ့ပြီး၊ ၃ လကျော်ကြာတွင် ယခု ကဲ့သို့ ပါတီမှ အရေးယူ ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးနေမျိုးကျော်သည် ယခင် အစိုးရ လက်ထက်က ၄၃၆ ပြင်ဆင်ရေးနှင့် နိုင်ငံရေးရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုကာ မင်းဘူးမြို့နယ် တိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိသူဖြစ်ပြီး ဝန်ကြီးတာဝန် ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required