လူငယ်လုပ်ငန်းရှင်အသစ်များကို လမ်းညွှန်နိုင်မည့် ကွန်ယက်တစ်ခု တည်ထောင်သင့်ဟု အတိုင်ပင်ခံ အကြံပြု

လူငယ်လုပ်ငန်းရှင်အသစ်များကို လမ်းညွှန်နိုင်မည့် ကွန်ယက်တစ်ခု တည်ထောင်သင့်ဟု အတိုင်ပင်ခံ အကြံပြု

နေပြည်တော် ၊ ဒီဇင်ဘာ ၉။             ။ မြန်မာနိုင်ငံတွင်း အောင်မြင်ပြီးသား လုပ်ငန်းရှင်များမှ လူငယ်လုပ်ငန်းရှင်အသစ်များကို အားပေးကူညီ လမ်းညွှန်ပေးနိုင်သည့်ကွန်ယက်တစ်ခု ထူထောင်သင့်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြံပြုပြောကြားလိုက်သည်။

ယနေ့ဒီဇင်ဘာ (၉)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(MICC-2)တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူးကျင်းပသော
2nd Myanmar Entrepreneurship summit မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအတွင်းမှာလည်း အောင်မြင်ပြီးသား လုပ်ငန်းရှင်ကြီးတွေ အနေနဲ့ အခုမှ လုပ်ငန်းစတင်နေတဲ့ လူငယ်လုပ်ငန်းရှင် အသစ်တွေကိုအားပေးကူညီနိုင်ဖို့ လမ်းညွှန်ပေးသူများ ၏ ကွန်ယက်တစ်ခု တည်ထောင်သင့်ပါတယ်လို့ ကျွန်မ ပြောကြားလိုပါတယ်”ဟု ၄င်းကပြောကြားသည်။

ထို့ပြင် မြန်မာ နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းသစ်များစတင်ပျိုးထောင်ပေးသည့် ဗဟိုဌာနများကို တည်ဆောက်ပြီး အဆိုပါဌာနများမှ လုပ်ငန်းစတင်လုပ်ကိုင်လိုသူများနှင့် ၄င်းလုပ်ငန်းများ လုပ်ကိုင်နေချိန်တွင် ကူညီဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

ထို့ကြောင့် “ဒီလိုနမူနာကောင်းတွေကို အတုယူပြီး ကျွန်မတို့နိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းသစ်များ စတင်ပျိုးထောင် ပေးတဲ့ ဗဟိုဌာနတွေပေါ်ပေါက် လာအောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံတွင်းတွင် စွန့်ဦးတီထွင် ယဉ်ကျေးမှုတစ်ရပ် ဖြစ်လာစေရန်အတွက် ပြည်ထောင်စု အဆင့်သာမကပဲ တိုင်းဒေသကြီး အစိုးများအထိ ကိုယ့်တိုင်းဒေသကြီးထဲရှိ စွန့်ဦးတီထွင်လုပ်ငန်းများကို အားပေးကူညီရန်လည်း ထပ်မံ တိုက်တွန်းခဲ့သည်။

ယခုအခါတွင် မြန်မာ့စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်၍ စွန့်ဦးတီထွင်ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊မူဝါဒများကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ၊ အဆိုပါကဏ္ဍအတွက် ပုံမှန်တွေ့ဆုံနိုင်မည့် အစိုးရ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုကို ဖွဲ့နိုင်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ လုပ်ဆောင်နေပြီဖြစ်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required