ရှူးရှူးရှဲရှဲ ကင်းမွန်ချဉ်စပ်

ရှူးရှူးရှဲရှဲ ကင်းမွန်ချဉ်စပ်

 

မင်္ဂလာပါ

ဒီတစ်ပတ်မှာတော့ ဆီတွေနဲ့ဟင်း မစားချင်လို့ ထမင်းဖြူ ပူပူလေးနဲ့ တွဲစားဖို့ ကင်းမွန်ချဉ်စပ်လေး လုပ်စားဖြစ်တယ်။ ရှူးရှူးရှဲရှဲနဲ့ဆိုတော့ အခုလို အေးစိမ့်စိမ့်ရာသီဥတုလေးနဲ့ အကိုက်ပေါ့။

လိုအပ်တာတွေကတော့

ကင်းမွန် ၂၅သား

ငရုတ်သီးစိမ်း

ငံပြာရည်

ကြက်သွန်ဖြူ

သံပုရာသီး

စပါးလင်

ပင်စိ်မ်းရွက်

နံနံပင်ရွက်တို့ပါ။

အရင်ဆုံး ကင်းမွန်ကိုု ရေဆေးသန့်စင်ထားပါ။ ပြီးရင်တော့ အိုးထဲ ရေအနည်းငယ်ထည့်ပါ။ ဆား အနည်းငယ် ထည့်ပါ။ ရေဆူပွက်လာရင် စပါးလင်နဲ့ နံနံပင်ရဲ့ အမြစ်ကို ထည့်ပြုတ်ပါ။ ဒါမှ ကင်းမွန်ပြုတ်တဲ့အခါ အညှီနံ့ မရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ ကင်းမွန်ကို ၃မိနစ်လောက် ထည့်ပြုတ်ပါ။  ပင်လယ်စာတွေက အကြာကြီးချက်ဖို့ မလိုတဲ့အတွက် ခဏနေရင်ဆယ်ပြီး အရည် စစ်ထားပါ။

အခု ကင်းမွန်အပေါ်က ဆမ်းမယ့် အချဉ်ရည်လေး လုပ်ပါမယ်။ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ပင်စိမ်းနဲ့ နံနံပင်တို့ကို ကြိတ်ပါ။ ပြီးရင်တော့ သံပုရာရည်ညှစ်ထည့်ပါ။ အရသာအတွက် ငံပြာရည်လိုသလောက်ထည့်ပါ။ အချဉ်ရည် ပိုမွှေးစေချင်ရင် ကင်းမွန်ပြုတ်ထားတဲ့ အရည်လေး အနည်းငယ်ထည့်လို့ ရပါတယ်။ 

အချဉ်ရည်ရပြီဆို အစောက ဆယ်ထားတဲ့ ကင်းမွန်လေးတွေ အပေါ် ဆမ်းလိုက်ပါ။ အခုဆိုရင်တော့ အနံ့ရတာနဲ့ သွားရည်ယိုစေမယ့် ထမင်းဖြူပူပူလေးနဲ့ တွဲစားဖို့ ကင်းမွန်ချဉ်စပ်လေးရပါပြီ။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly