ထရမ့်၏ ဂျေရုဆလင် ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်သည့် မွတ်ဆလင်ဆန္ဒပြသူများက အိမ်ဖြူတော်ရှေ့ စုဝေး ဆုတောင်း

ထရမ့်၏ ဂျေရုဆလင် ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်သည့် မွတ်ဆလင်ဆန္ဒပြသူများက အိမ်ဖြူတော်ရှေ့ စုဝေး ဆုတောင်း

 

ဒီဇင်ဘာ ၉ ။        ။ ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်ဟု အသိအမှတ်ပြုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက်အပေါ် ကန့်ကွက်သောအားဖြင့် ဒီဇင်ဘာ ၈ ရက်က ရာနှင့်ချီသော မွတ်ဆလင်ဆန္ဒပြသူများ အိမ်ဖြူတော်ရှေ့၌  စုဝေး ဆုတောင်းခဲ့ကြသည်ဟု သိရသည်။

ပါလက်စတိုင်း ရိုးရာ လည်စည်းပဝါများ ၀တ်ဆင်ထားသော ရာနဲ့ချီသည့် မွတ်ဆလင်ဘာသာဝင်များက အိမ်ဖြူတော်အပြင်ဘက် ဥယျာဉ်သို့ စုရုံးရောက်ရှိခဲ့ကြပြီး ဆုတောင်းပွဲတစ်ရပ်ကို ကျင်းပကာ  ပါလက်စတိုင်း ပြည်သူများနှင့် တစ်သွေးတည်း တစ်သားတည်း ရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်။

အိမ်ဖြူတော်ရှေ့ ဆုတောင်းပွဲအတွင်း တက်ရောက်လာသူ မွတ်ဆလင်များက ဂျေရုဆလင် အရှေ့ခြမ်းနှင့် အနောက်ဘက်ကမ်းကို အစ္စရေးတို့သိမ်းပိုက်ထားမှုအပေါ် ရှုတ်ချသည့် စာတန်းပါ ကပ်ပြားများကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်ဟု အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့သလို ကမ္ဘာတစ်ဝှမ်း မွတ်ဆလင်နှင့် အာရတ်နိုင်ငံများတွင်လည်း ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်ကလည်း အနောက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသတို့တွင် အစ္စရေးလုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required