ရခိုင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေများ အစီရင်ခံစာတင်ရန် ကုလဆုံးဖြတ်

ရခိုင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေများ အစီရင်ခံစာတင်ရန် ကုလဆုံးဖြတ်
(ဓာတ်ပုံ - အီးပီအေ)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၅ ရက်က ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အထူးအစည်းအဝေးက ရှုံ့ချထားပြီး လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ပြည့်စုံသည့် အစီရင်ခံစာတစ်ရပ်ကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်သွင်းပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း “လူ့အခွင့်အရေး ချိုးဖောက် နှိပ်စက်မှုတွေအပေါ် ကောင်စီက ပြစ်တင်ရှုတ်ချထားသည်” ဟု ဆုံးဖြတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အလားတူ “လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျင်းသည့် တိုးတက်မှု ဖြစ်စဉ်များကို စောင့်ကြည့်လေ့လာရန်၊ တွေ့ရှိချက်များကို ကောင်စီသို့ အချိန်နှင့်တပြေးညီ နှုတ်ဖြင့် တင်ပြရန်အပြင် အစီရင်ခံစာတစ်ရပ် ပြည့်စုံစွာ ရေးသားဖော်ပြပေးရန်” လည်း ဆုံးဖြတ်ချက် ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို “ထောက်ခံမဲ ၃၃ မဲ၊ ကန့်ကွက်မဲ သုံးမဲ၊ ကြားနေ ကိုးမဲ ဖြင့် အတည်ပြုနိုင်ခဲ့သည်” ဟုလည်း ပါရှိသည်။

“၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က မြန်မာနိုင်ငံက ရဲကင်းစခန်းများနှင့် စစ်တပ်စခန်းများအပေါ် တိုက်ခိုက်ခဲ့မှု များကိုလည်း ကောင်စီဆုံးဖြတ်ချက်ထဲတွင် ပြစ်တင်ရှုတ်ချခဲ့သည်။ လုံခြံုရေးတပ်ဖွဲများအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ပုံစံအားလုံးကိုလည်း ကောင်စီက ရှုတ်ချခဲ့သည်။ ယင်းအပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အခြားနေရာများတွင် ကြံုတွေ့နေရသည့် စိန်ခေါ်မှုများကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်း သွားနိုင်မည်ဖြစ်ကြောင်း” လည်း ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် အခြေအနေများကို စောင့်ကြည့် လေ့လာရန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။

“တွေ့ရှိချက်များကို ကောင်စီ၏ ၃၈၊ ၄၁၊ ၄၄ အထူးအစည်းအဝေးများတွင် နှုတ်ဖြင့် တင်ပြရန် ကောင်စီက ပန်ကြားထားခဲ့ပြီး ယင်းနောက် အပြန်အလှန် ဆွေးနွေးသွားကြမည်ဖြစ်သည်။ ကောင်စီ၏ ယခုလက်ရှိ ဆုံးဖြတ်ချက်နဲ့ ၃၄/၂၂ ကောင်စီ ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်သွားခြင်းနှင့်အတူ ယင်းအကျပ်အတည်း ပြဿနာကို သုံးနှစ်အတွင်း အပြည့်အဝ ဖြေရှင်းသွားနိုင်ရန် ကောင်စီက မျှော်မှန်းထားသည်” ဟုလည်း ကုလ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်သည်။

ယင်းအစီရင်ခံစာကို ကုလလူ့အခွင့်အရေး ကောင်စီ၏ အကြိမ် ၄၀ မြောက် အထူးအစည်းအဝေးသို့ တင်ပြရမည်ဖြစ်သည်။ ယင်းအပြင် ယင်းအစီရင်ခံစာကို သုံးသပ်စဉ်းစားမှုများ လုပ်ဆောင်နိုင်ရန် ကုလ အထွေထွေညီလာခံသို့လည်း တင်ပြရမည်ဖြစ်သည်။

ဒီဇင်ဘာ ၅ ရက်က ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အထူးအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Zeid Ra’ad Al Hussein ၊ အထူးလုပ်ငန်းစဉ်များဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ Catalina Aguilar Devandas (မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ  Yanghee Lee ကိုယ်စား) ၊ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင် ဥက္ကဌ Marzuki Darusman ၊ ပဋိပက္ခဒေသများရှိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Pramila Patten တို့ရဲ့ မိန့်ခွန်းပြောစကားများကို ကုလ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ဖွင့်ပွဲတွင် ကြားနာခဲ့သည်။ ယင်းအပြင် သက်ဆိုင်ရာ နိုင်ငံများဖြစ်သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ထုတ်ပြန်ပြောကြားမှုများကိုလည်း ကောင်စီအစည်းအဝေးတွင် ကြားနာခဲ့သည်။

ယခု အစည်းအဝေးသည် ကုလ လူ့အခွင့်အရေး ကောင်စီ၏ ၂၇ ကြိမ်မြောက် အထူးအစည်းအဝေးဖြစ်သည်။ ကုလ လူ့အခွင့်အရေး ကောင်စီ၏ ၃၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

(အယ်ဒီတာ မှတ်ချက် - အထက်ပါ သတင်းနှင့်ပတ်သက်၍ မဇ္ဈိမက  ဒီဇင်ဘာ ရ ရက် ရက်စွဲဖြင့် ဖေါ်ပြရာတွင် ရခိုင်ပြည်နယ် အခြေအနေများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်နေသော Information Committee ၏ ထုတ်ပြန်ချက်ကို ကိုးကား ဖေါ်ပြခဲ့ပါသည်။ ထိုသို့ ကိုးကားဖေါ်ပြရာတွင် နားလည်မှုလွဲမှားကာကုလ၌ မြန်မာအား အရေးယူရေးအဆို ၁၄ နိုင်ငံ မထောက်ခံသဖြင့် အတည်မပြုနိုင် ခေါင်းစဉ်ဖြင့် မှားယွင်း ရေးသားဖေါ်ပြခဲ့သည်။ ထို့အတွက် မဇ္ဈိမ ပရိသတ်များအား တောင်းပန်အပ်ပါသည်။ မဇ္ဈိမမှ နားလည်မှုလွဲမှားဖေါ်ပြခဲ့သည့် သတင်းအား ပြန်လည် ဖေါ်ပြအပ်ပါသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required