လူမှုရေး ပြဿနာများ ပေါ်ပေါက်ခဲ့သော မကွေးဝန်ကြီးတစ်ဦးအား ပါတီမှထုတ်ပယ်

လူမှုရေး ပြဿနာများ ပေါ်ပေါက်ခဲ့သော မကွေးဝန်ကြီးတစ်ဦးအား ပါတီမှထုတ်ပယ်
ဦးနေမျိုးကျော် (ယာအစွန်၊ စာအုပ်ကိုင်ထားသူ) စက်တင်ဘာလ၂ရက်နေ့ နေ့လယ်ပိုင်းက မကွေးမြို့ ဆုံရပ်ရပ်ကွက် (၁၀)လမ်းရှိ နေအိမ်တစ်အိမ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်/ ဓာတ်ပုံ - တင်ရွှေ( မဇ္ဈိမ)

ရန်ကုန် ဒီဇင်ဘာ ၈ ။              ။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဝန်ကြီးဦးနေမျိုးကျော်ကို NLD ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။

အဆိုပါ ဝန်ကြီးအား ပါတီမှထုတ်ပယ်ခဲ့ပြီး၊ ဝန်ကြီး ရာထူးမှ ဖြုတ်ချမချမှာ ပါတီနှင့်မဆိုင်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

"သူ့ကို ပါတီက ထုတ်လိုက်ပါပြီ၊ ရာထူးက ဖြုတ်ချ မချကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး၊ ကျွန်တော် တို့က ပါတီဆိုတော့ ပါတီအတွက်ပဲ ပြောမယ်နော်" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေး၍ ပေါ် ပေါက်လာသည့် အစီရင်ခံစာတွင် ကျူးလွန်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဦးဉာဏ်ဝင်းက ဆက်ပြော သည်။

"ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့၊ စစ်ဆေးခိုင်းပါတယ်၊ တိုင်ကြားချက်နဲ့၊ စုံစမ်းစစ်ဆေးတဲ့ ရီပို့တွေမှာ ကျူးလွန်ကြောင်း တွေ့ရှိတယ်၊ အဲဒါပါပဲ" ဟု ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မကွေးတိုင်း၊ အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးနေမျိုးကျော် ကို လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ လူမှုကွန် ရက်စာမျက်နှာများတွင် ဝေဖန်ရေးသားနေမှုများ ရှိခဲ့ပြီး၊ ဝန်ကြီးကိုယ်တိုင် စက်တင်ဘာလ၂ရက်နေ့ နေ့လယ်ပိုင်းက မကွေးမြို့ဆုံရပ်ရပ်ကွက် (၁၀) လမ်းရှိ နေအိမ်တစ်အိမ်တွင် အဆိုပါ သတင်း မှန်ကန်မှု မရှိကြောင်း သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့သည်။

အဆိုပါကိစ္စအား ပါတီဌာနချုပ်သို့ တိုင်ကြားမှုများ ရှိခဲ့ပြီး၊ ၃ လကျော်ကြာတွင် ယခုကဲ့သို့ ပါတီမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly