၅ နှစ်ခန့် ကြိုးချည်ခံထားရသော စိတ်ကျန်းမာရေးချို့တဲ့ကလေးငယ်အား ရွာသာကြီးပို့ ဆေးကုပေးမည်

၅ နှစ်ခန့် ကြိုးချည်ခံထားရသော စိတ်ကျန်းမာရေးချို့တဲ့ကလေးငယ်အား ရွာသာကြီးပို့ ဆေးကုပေးမည်
ဓာတ်ပုံ- ဒေါ်မြမြထွေး

 

 ရန်ကုန်၊ ဒီဇင်ဘာလ ၈ ။               ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မန်အုံကျေးရွာမှ စိတ်ကျန်းမာရေးချို့တဲ့သဖြင့် ၅ နှစ်ခန့် အိမ်တိုင်တွင် ကြိုးဖြင့် ချည်ထားရသော ကလေးငယ်အား ရန်ကုန် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးသွားမည်ဖြစ်ကြောင်း မိုးမိတ်မြို့၊ ပါရမီရှင်လူမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူး ဒေါ်မြမြထွေးက မဇ္စျိမသို့ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင်ပြောသည်။

အဆိုပါ စိတ်ကျန်းမာရေးချို့တဲ့မှု ဝေဒနာခံစားနေရသော ကလေးငယ်မှာ အသက် ၁ဝ နှစ်ခန့်အရွယ်ရှိ စိုင်းဝင်း နိုင်ဦး(ခ) ဇော်မိန်းဆိုသည့် ကလေးငယ်ဖြစ်ပြီး ကလေးငယ်မှာ လွန်ခဲ့သော ၂ဝ၁၂ ခုနှစ်က အဖျားရောဂါခံ စားခဲ့ရပြီး ယခုကဲ့သို့ စိတ်ကျန်းမာရေးချို့တဲ့မှုဝေဒနာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကလေးမိဘတွေကလည်း တော်တော်ရိုးအကြတယ်။ မိဘတွေကလည်း ငွေကြေးချို့တဲ့ကြတော့ သူတို့ အလုပ်လုပ်နေတဲ့အခါမှာ ကလေးအသက်အန္တရာယ်စိုးရိမ်တဲ့အတွက် ကလေးကို အိမ်မှာ ချည်ထားခဲ့ရတာပေါ့။ ကလေးကို အကျႌဝတ်ပေးခဲ့ရင်လည်း သူက ပူတယ်ဆိုပြီး ချွတ်ပစ်တယ်။ ကျွန်မသိတာလည်း မကြာသေးဘူး။ ရက်ပိုင်းပဲရှိသေးတယ်။ ကျွန်မသိတာနဲ့ သွားကြည့်တော့ မိဘတွေကတော့ သူတို့ ကလေးကို ဆေးကု ပေးချင်တယ်တဲ့။ ဒါပေမယ့် ပိုက်ဆံမရှိဘူးတဲ့။ ဒါကြောင့် ကျွန်မက အလှူခံပေးနေတာ ကလေးကိုဆေးကု ပေးနိုင်ဖို့အတွက် အခုလက်ရှိတော့ ရ သိန်းလောက်ရပြီ” ဟု ဒေါ်မြမြထွေးက ပြောသည်။

လက်ရှိတွင် အဆိုပါကလေးငယ်အား အစစအရာရာတာဝန်ယူကုသပေးမည်ဟု ရွှေကြာလူမှုကူညီရေးအသင်း မှ ဒေါက်တာရွှေကြာက ကမ်းလှမ်းထားကြောင်း သိရသည်။

“ ကံကောင်းချင်တော့ ညကပဲ ရွှေကြာလူမှုကူညီရေးအသင်းက ဒေါက်တာရွှေကြာက ဖုန်းဆက်လာတယ်။ သူက ရန်ကုန်ဆေးရုံကြီးမှာ ရုံးထိုင်တာပေါ့။ ကလေးကို ဆေးကုသပေးနိုင်ဖို့အတွက် အစစအရာအရာ တာဝန်ယူတယ်ဆိုပြီတော့။ ကျွန်မဆို ကြက်သီးတွေတောင် ထတယ် ကလေးအတွက် ဝမ်းသာလွန်းလို့။ ကလေးကို အခု ရန်ကုန်ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကို ပို့ပြီး ဆေးကုသမှုပေးနိုင်ဖို့အတွက် စီစဉ်နေပါပြီ ” ဟု ဒေါ်မြမြထွေးက ဆိုသည်။

ကလေးငယ်အား အဖျားရောဂါဖြစ်ပွားစဉ် မိဘများက မိုးမိတ်ဆေးရုံတွင် ဆေးကုသပေးခဲ့ပြီး မသက်သာသဖြင့် မိုးကုတ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသရန် ဆရာဝန်က ညွှန်ကြားခဲ့သော်လည်း မိဘများက ငွေကြေးမတတ် နိုင်သဖြင့် ကလေးငယ်မှာ အဆိုပါ အဖျားရောဂါဖြစ်ပွားပြီးနောက် စိတ်ကျန်းမာရေးချို့တဲ့သည့် ဝေဒနာခံစား ခဲ့ရကာ ယခုကဲ့သို့ ၅ နှစ်ကျော်ထိအိမ်တိုင်တွင် ကြိုးဖြင့် ချည်ထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးငယ်အား ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနိုင်ရန် စီစဉ်လျက် ရှိပြီး ကလေးငယ်ကို ကူညီပေးမည့် ရန်ကုန်ဆေးရုံကြီးမှ ဒေါက်တာရွှေကြာက ကလေးငယ်ကို မန္တလေးထိ သွားရောက်ခေါ်ဆောင်ကာ ရွာသာကြီးစိတ်ကျန်း မာရေးဆေးရုံသို့ ပို့ဆောင်ဆေးကုသ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးငယ်အတွက် လှူဒါန်းချင်သူများအနေဖြင့်လည်း မိုးမိတ်မြို့၊ ပါရမီရှင်လူမှုကူညီရေးအ သင်းမှဘဏ္ဍာရေးမှူး ဒေါ်မြမြထွေး၊ ဖုန်းနံပါတ် 09- 256239510 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly