စီရော်နယ်ဒိုနဲ့မက်ဆီတို့ တစ်ဦးချင်းထူးချွန်မှုတွေရရှိတာ ဘယ်နှစ်ခု ရှိပြီလဲ

စီရော်နယ်ဒိုနဲ့မက်ဆီတို့ တစ်ဦးချင်းထူးချွန်မှုတွေရရှိတာ ဘယ်နှစ်ခု ရှိပြီလဲ

ဒီဇင်ဘာ ရ ရက်နေ့ညက အီဖယ်မျှော်စင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ် Ballon d’Or ဆုပေးပွဲ အခမ်းအနားမှာတော့ စီရော်နယ်ဒိုက အကောင်းဆုံးဘောလုံးသမားဆုကိုရရှိသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ မက်ဆီနဲ့နေမာတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆုကို ရခဲ့တာပါ။ ဒီနှစ် Ballon d’Or ဆုဟာ စီရော်နယ်ဒိုအတွက် ငါးကြိမ်မြောက်ဖြစ်ပြီး မက်ဆီနဲ့ အကြိမ်အရေအတွက် တူညီသွားရတာလည်း ဖြစ်ပါတယ်။

စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်အထိ ကမ္ဘာ့အကောင်းဆုံးဆုတွေကို တစ်လှည့်စီရယူခဲ့ကြတာပါ။ လက်ရှိဘောလုံးကမ္ဘာမှာ သူတို့နှစ်ယောက်လောက်အောင်မြင်တဲ့ ဘောလုံးသမား တစ်ယောက်မှ မရှိပါဘူး။

၂၀၁၇ Ballon d’Or ဆုဟာ စီရော်နယ်ဒိုအတွက် တစ်ဦးချင်းထူးချွန်မှုဆု ၁၆၂ ခုမြောက်ဆု ဖြစ်ပါတယ်။ မက်ဆီကတော့ တစ်ဦးချင်းထူးချွန်မှုဆုပေါင်း ၁၃၆ ခုအထိ ရရှိထားပါတယ်။ ဒီတစ်ဦးချင်းထူးချွန်မှုဆုတွေဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုက စလို့  ဂိုးသွင်းအများဆုံးဆု၊ လအလိုက်အကောင်းဆုံးဆုတွေအပြင် တစ်နှစ်တာအသင်းလိုက် အကောင်းဆုံးဆုတွေကိုပါ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

၂၀၁၇ Ballon d’Or ဆုကို ရရှိပြီးနောက်မှာတော့ စီရော်နယ်ဒိုက အခုလို ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်အရမ်းပျော်ပါတယ်။ ဒီနှစ်က ကျွန်တေ်ာ့ကစားသမားဘဝမှာ ထူးခြားတဲ့နှစ်တစ်နှစ်ပါ။ ဒီလိုအောင်မြင်မှုရဖို့ အချိန်အကြာကြီးစောင့်ခဲ့ရပါတယ်။ ၂၀၁၇ က တကယ့်နှစ်တစ်နှစ်ပါပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားရခဲ့သလို လာလီဂါဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ တစ်ဦးချင်းအနေနဲ့ဆိုရင် ကျွန်တော် ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခဲ့တယ်။ ချန်ပီယံဆုတွေက Ballon d’Or ဆုကိုရဖို့ အထောက်အပံ့တွေဖြစ်ပါတယ်။ ရီးယဲလ်နဲ့ပေါ်တူဂီအသင်းက အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော့်အတွက် အလွန်အရေးကြီးတဲ့လူတွေပါ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required