ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအားလုံး ၂၀၂၀ ကျော်မှ စဉ်းစားမည်

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအားလုံး ၂၀၂၀ ကျော်မှ စဉ်းစားမည်

ဝေဖန်ကန့်ကွက်မှုများစွာ ကြုံတွေ့ရပြီးနောက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအားလုံးကို ၂၀၂၀ ကျော်လွန်မှ စဉ်းစားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ပြောသည်။

“ဒီကျောက်မီးသွေး စက်ရုံတွေကို ကန့်ကွက်ဆန္ဒပြသူတွေ များလို့အပြင် အခြားအကြောင်းအရင်း အချက်ရှိတာပေါ့။ အဲ့ဒါက အစိုးရ အကူးအပြောင်းမှာလည်း စွမ်းအင်မှုဝါဒ အပြောင်းအလဲ လုပ်တဲ့အတွက် အဲ့ဒီအရ ၂၀၂၀ အပြင်ဘက်ကျတော့မှပဲ စဉ်းစားမဲ့အထဲမှာ ပါတယ်”ဟု ဦးဟိန်းထက်ကပြောသည်။၂၀၂၀ ခုနှစ်သည် နောက်ထပ်ရွေးကောက်ပွဲ ကျင်းပရမည့် ကာလဖြစ်သည်။

အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးထားသော အသစ်တည်ဆောက်ရန်နှင့် တည်ဆောက်ဆဲ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ၁၁ ခုကို အကောင်အထည်ဖော်ရန် လက်ရှိတွင် ယာယီရပ်ဆိုင်းထားပြီး ဖြစ်သည်ဟုလည်း ဂျာမနီနိုင်ငံ၊ဘွန်းမြို့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကွန့်ဖရန့်တွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဆိုင်းငံံ့ထားလိုက်သည့် စီမံကိန်းများတွင် MOU ခေါ် နားလည်မှု စာချွန်လွှာက ၉ ခု MOA ခေါ် သဘောတူညီချက် စာချုပ်က ၂ ခုပါ၀င်သည်။ သို့သော်လည်း တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ လည်ပတ်မှုကိုတော့ ဆက်လက်ခွင့်ပြုထားကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ တီကျစ် ကျောက်မီးသွေးစက်ရုံဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး (ငြိမ်း) ဦးအောင်သန်းဦး၏ Ovower Gee View of Penetration,Transmission and Distibution စာတမ်းတွင် ဖော်ပြချက်အရ လက်ရှိ မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်ကဏ္ဍမှာ ၃၁.၈၅ မဂ္ဂါ၀ပ် နှင့် ၆၁ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ ကဏ္ဍ ၁၈၂၉ မဂ္ဂါ၀ပ်နှင့် ၃၅ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါ၀ပ်နှင့် ၂ ရာခိုင်နှုန်း ထုတ်လုပ်နေကြောင်း သိရသည်။

နို၀င်ဘာ ရ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသော ကုလသမဂ္ဂ ရာသီဥတုပြေင်းလဲခြင်းဆိုင်ရာ ကွန့်ဖရန့်ကို မြန်မာနိုင်ငံရှိ ၀န်ကြီးဌာန ၆ ခုမှလည်း တက်ရောက်ခဲ့ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန၊စီမံံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ ပါ၀င်သည်။

တည်ဆောက်ဆဲ သဘောတူခဲ့သော ကျောက်မီးသွေး စက်ရုံများမှာ ရန်ကုန်တိုင်းတွင်း ကွမ်းခြံကုန်း၊ ထန်းထပင်၊ ကျောက်တန်း၊ သီလဝါဒေသများတွင်လည်းကောင်း၊ ဧရာဝတီတိုင်းအတွင်း ငရုတ်ကောင်းမြို့ ရှမ်းပြည်နယ် ကျိုင်းတုံ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၊ မွန်ပြည်နယ်တွင် ရေးမြို့နယ် အံဒင်ကျေးရွာ၊ ရခိုင်ပြည်နယ် ကျောက်ဖြူတို့တွင် ဖြစ်သည်။

ကွမ်းခြံကုန်းတွင် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံစီမံကိန်းကို ရပ်ဆိုင်းထားကြောင်း ကောင်းမြတ်သောမြေ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျွန်တော်တို့ MOU အဆင့်လောက်ပဲ ရှိုလိုက်ပါတယ်။ မတည်ဆောက်ရသေးဘူး၊၂၀၁၄ မှာ ရပ်ဆိုင်းလိုက်တာပါပဲ”ဟု သူကပြောသည်။

ကွမ်းခြံကုန်း ကျောက်မီးသွေးစက်ရုံစီမံကိန်းသည် ပထမအဆင့် ၁၅၀ မဂ္ဂါ၀ပ်စက်ရုံ ၂ ရုံ၊ ဒုတိယအဆင့် ၃၃၀ မဂ္ဂါ၀ပ် စက်ရုံ ၃ ရုံ၊ တတိယအဆင့် ၆၆၀ မဂ္ဂါ၀ပ်စက်ရုံ ၃ ရုံ ပါ၀င်ကာ စုစုပေါင်း ၃၂၇၀ မဂ္ဂါ၀ပ် ထွက်ရှိသည်အထိ တည်ဆောက်သွာားရန် စီစဉ်ထားကြောင်း သိရသည်။

ကွမ်းခြံကုန်းတွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ကောင်းမြတ်သောမြေ ကုမ္ပဏီနှင့် တည်ဆောက်မည့် စီမံကိန်း၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်တွင် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံစီမံကိန်းကို ထူးကုမ္ပဏီနှင့် တရုတ်နိုင်ငံ Huaneng Lancang ကုမ္ပဏီ၊ ကျောက်တန်းတွင် တည်ဆောင်မည့် ကျောက်မီးသွေး စက်ရုံ စီမံကိန်းကို Diamond Palace နှင့် နိုင်ငံခြား ကုမ္ပဏီများ ပူးပေါင်းခြင်း၊ သီလဝါတွင် တည်ဆောက်မည့် သီလဝါကျောက်မီးသွေး စက်ရုံကုုိ Toyo Thai ကုမ္ပဏီ၊ ဧရာဝတီတိုင်းတွင် တည်ဆောက်မည့် ငရုတ်ကောင်း ကျောက်မီးသွေး စက်ရုံစီမံကိန်းကို Ta Ta Power ကုမ္ပဏီ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံတွင် တည်ဆောက်မည့် စက်ရုံစီမံကိန်းကို Lumpoondum ကုမ္ပဏီ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝတွင် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံစီမံကိန်းကို ISDM နဲ့ Tun Thwin ကုမ္ပဏီတို့က အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ်၊ရေးမြို့ အံဒင်ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင် တည်ဆောက်မည့် မဂ္ဂါ၀ပ် ၆၆၀ ထွက်ရှိမည့် ကျောက်မီးသွေး စက်ရုံ စီမံကိန်းများ ပါ၀င်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းဌေးမှလည်း “ ကျွန်တော့အနေနဲ့ကတော့ ကိုယ့်ဒေသကို တိုးတက်စေချင်တယ်၊နောင်လာနောင်သားတွေ လက်ထက်ကျရင်လဲ တိုးတက်စေချင်တယ်။တစ်ခြားအိမ်နီးချင်းနို်င်ငံတွေတောင် လုပ်နေတာပဲ ရင်းရမှာပေါ့”ဟု ပြောသည်။

 

 “ ဒီကျောက်မီးသွေး စက်ရုံဆိုတာကတော့ အားလုံးသိတဲ့အတိုင်း ကာဗွန်ထုတ်လွှင့်မှုအများဆုံး စွမ်းအင်အရင်းအမြစ် တွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်၊ပတ်ဝန်းကျင်ထိခိုက်မှုရှိနို်င်တယ်။အဲ့ခါကျတော့ ၀န်ကြီးဌာနအနေနဲ့ ဒီကျောက်မီီးသွေး စက်ရုံတွေကို မလုပ်နဲ့လို့တော့ ပြောလို့မရဘူး၊ဒီအမြင်တစ်ခုထဲနဲ့ သွားလို့မရဘူး၊စီးပွားရေးအမြင်၊လူမှုရေးအမြင်၊ ပတ်ဝန်းကျင်အမြင် စတဲ့ အမြင်တွေနဲ့ ညီမျှအောင် ဘယ်လိုလုပ်မလဲဆိုိတာလိုတယ်။ကျောက်မီးသွေးက မဖြစ်မနေသုံးရမယ့် နိုင်ငံံစွမ်းအင်ကိုဖြစ်စေတယ်ဆိုရင် နိုင်ငံတကာမှာ လုပ်နေတဲ့ နည်းပညာပိုင်းတွေကို ဘယ်လိုမြှင့်တင်ပြီးတော့ မြန်မာနိုင်ငံမှာ အသုံးပြုမလဲ ဒါတော့ ကျွန်တော်တို့လေ့လာရပါမယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာမှ  ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောသည်။

မွန်ပြည်နယ်တွင် ရေးမြို့တွင် ပြုလုပ်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ကန့်ကွက်သည့် Associate Environmental Consultant (တွဲဖက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံ)တစ်ဦးဖြစ်ခဲ့ဖူးသူ မဖြိုးသက်ခို်င်က  “ ကျောက်မီးသွေးနဲ့ပတ်သက်ပြီးပုံမှန် Clean Technology မှာ ဘယ်နိုင်ငံမှ ကျောက်မီးသွေးမသုံးတော့ဘူး အမတို့နို်င်ငံမှာပဲ လာလုပ်လို့ရသလိုဖြစ်နေတာ၊impact ဖြစ်ရင်လဲ အမတို့နိုင်ငံပဲဖြစ်မယ်။ရလာတဲ့ အကျိုးအမြတ်က သူတို့များတယ်။ Environmental ပိုင်းနဲ့ကြည့်မယ်ဆိုရင် ကျောက်မီးသွေးက မလုပ်သင့်တဲ့အလုပ်ထဲမှာပါတယ်။ “ ဟု ပြောသည်။

“ ရိုးသားတဲ့ ပြည်သူတွေကျတော့ သူတို့ဒါလုပ်ရင် မီးရမယ်၊မီးလိုချင်ကျတယ်၊ဒါပေမဲ့ တကယ်သိနားလည်တဲ့ လူတွေကျတော့ ကန့်ကွက်ကြတာပေါ့”ဟု သူက ထပ်ပြောသည်။

တစ်ဖက်မှာလည်း ကျောက်မီးသွေးစက်ရုံများခွင့်ပြုသင့်ကြောင်း တိုက်တွန်းမှုများလည်းရှိသည်။

“သဘာဝက ပေးထားတာ ဘယ်တော့မှ ၁၀၀ ရာခိုင်နှုန်း မသန့်စင်ဘူး၊ရွှေဆိုရင်လည်း ၉၀ ရာခိုင်နှုန်းလောက်ပဲ အများဆုံးသန့်တယ်၊ရေဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း H2O မဟုတ်ဘူး။သဘာဝက ပေးတဲ့ လေလည်း အဲ့လိုပဲ၊ ဟိုးတုန်းကထက် ညစ်နွမ်းလာတယ်၊သဘာဝကပေးတဲ့ ကျောက်မီးသွေးမှာလည်း ကာဗွန် ၁၀၀ ရာခိုင်နှုန်းဖြစ်မနေဘူး၊ရေကိုသန့်ယူသလို ကျောက်မီးသွေးကိုလည်း သန့်ယူကြရတယ်၊သန့်တယ်ဆိုပေမဲ့ ရွေဆို ၉၉ ရာခိုင်နှုန်း၊ရေဆိုလဲ ၉၉ ရာခိုင်နှုန်း၊ကျောက်မီးသွေးလဲ ၉၉ လောက်ပဲ သန့်နိုင်တယ်၊နိုက်ထရိုဂျင်က ၉၈ ၊ဆာလဖာကအောက်ဆို်ဒ်က ၉၈ ဘယ်အရာမှ ၁၀၀ မရဘူး”ဟု ကျောက်မီးသွေးနှင့် ပတ်သက်ပြီးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ကိုလှိုင်ဦးကပြောသည်။

“အခု တီကျစ်မှာဆိုရင် အရင်ကမကောင်းဘူး၊သန့်အောင်မှ မလုပ်တာ အခုသန့်အောင်လုပ်တယ်၊တီကျစ်မှာ လက်ခံနိုင်တဲ့ အဆင့်ထိသန့်နေတယ်။ပတ်ဝန်းကျင်သမားတွေကို မေးရင်တော့ မကောင်းဘူးပဲ ပြောမှာပါပဲ”ဟု သူကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၃၀ တွင် လျှပ်စစ်အလုံအလောက်ရရှိရန် မျှော်မှန်းထားပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှုမှ ၈၈၉၆ မဂ္ဂါ၀ပ်နှင့် ၃၈ ရာခိုင်နှုန်း၊ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လွှင့်မှု ရ၉၄၀ မဂ္ဂါ၀ပ်နှင့် သဘာဝဓာတ်ငွေမှ ၄၇၂၅ မဂ္ဂါ၀ပ်နှင့် ၂၀ ရာခိုင်နှုန်း အထိ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Overview of Penetration, Transmission and Distribution စာတမ်းတွင်ပင် ဖော်ပြထားသည်။

 

(မနှင်းဝေဝေနွယ်သည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းညီလာခံသို့ တက်ရောက် သတင်းယူခဲ့သူဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly