Ballon d’Or ဆုကို စီရော်နယ်လ်ဒို နှစ်နှစ်ဆက်တိုက် ဆွတ်ခူး၊ (၅)ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်

Ballon d’Or ဆုကို စီရော်နယ်လ်ဒို နှစ်နှစ်ဆက်တိုက် ဆွတ်ခူး၊ (၅)ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြိုင်ဘက် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကို ကျော်ဖြတ်ပြီး ၂၀၁၇ ခုနှစ်အတွက် Ballon d’Or ဆုကို ကြာသပတေးနေ့က ဆွတ်ခူးခဲ့ပါတယ်။ ဒီဆုဟာ သူ့အတွက် ၅ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

“ကျနော် အလွန်ပျော်ရွင်ပါတယ်။ ဒါဟာ ကျနော့်ကစားသမားဘဝမှာ ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီအတွက် ကျနော် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရပါတယ်။”လို့ ရီးယဲလ်ကြယ်ပွင့်က ပြင်သစ်ရဲ့ နာမည်ကျော် မဂ္ဂဇင်း L'Equipe က ကြီးမှူးပြီး ပါရီမြို့မှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ဒီနှစ်ဟာ အလွန်ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကျနော်တို့ ချန်ပီယံလိဂ်နှင့် လာလီဂါဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပြီး တစ်ဦးချင်းအဆင့်အတန်းမှာ ကျနော်ဟာ ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပါတယ်။”လို့ သူ့မိခင်နှင့် ရ နှစ်အရွယ်သားနှင့် တက်ရောက်လာတဲ့ စီရော်နယ်လ်ဒိုက ပြောပါတယ်။

ဒါဟာ စီရော်နယ်လ်ဒိုအတွက် Ballon d'Or ဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ Ballon d’Or ဆုကို ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့ တွင် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကလည်း Ballon d’Or ဆု ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၅ ခုနှစ်တို့မှာ ရရှိကာ စုစုပေါင်း ၅ ကြိမ်ရယူခဲ့ပါတယ်။

ယခုတစ်ကြိမ်မှာ စီရော်နယ်လ်ဒိုက မက်ဆီရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခု နှစ်မှစပြီး စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ နှစ်ဦးတည်းသာ အပြိုင်လုနေရတဲ့ ဆုတစ်ဆုလို့ ဆိုရမှာဖြစ်ပါတယ်။

“ကျနော် ဒီအဆင့်အတန်း ခြေစွမ်းမျိုးနဲ့ နှစ်အနည်းငယ် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော် ဒီဆုအတွက် မက်ဆီနှင့်လည်း ဆက်လက် ယှဉ်ပြိုင်အုံးမယ်လို့ မျှော်လင့်ပါတယ်။”လို့ အသက် ၃၂ နှစ်အရွယ် ကစားသမားက ပြောပါတယ်။

မဲပေးရွေးချယ်ရာမှာ တတိယရရှိတဲ့ ဘရာဇီးကြယ်ပွင့် နေမာကိုလည်း ချီးကျူး ပြောဆိုသွားတဲ့ စီရော်နယ်လ်ဒိုက “နေမာက ပင်ကိုယ် စွမ်းဆောင်ရည် အများကြီးရှိသူဖြစ်ပြီး အနာဂတ်မှာ ဒီဆုကို ဆွတ်ခူးဖို့ သူဟာ အခွင့်အရေးအချို့ ရှိလိမ့်မယ်လို့ ကျနော် သေချာ ပြောရဲပါတယ်။”လို့ ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ရာသီက စီရော်နယ်လ်ဒိုဟာ လိဂ်သွင်းဂိုး ၂၅ ဂိုးနှင့်အတူ ရီးယဲလ်အသင်းကို လာလီဂါဖလား ဆွတ်ခူးနိုင်အောင် ကူညီနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ၁၂ ဂိုးသွင်းယူပြီး အသင်းဟာလည်း ချန်ပီယံလိဂ်ဖလား နှစ်နှစ်ဆက် ဆွတ်ခူးရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာပါတယ်။

ဒါ့အပြင် ပေါ်တူဂီအသင်းအတွက် ရော်နယ်လ်ဒိုဟာ ၁၁ ဂိုးသွင်းခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly