ဂျကာတာ၊ ဒီဇင်ဘာ ရ ။ ။ ဂျေရုဆလင်မြို့တော်အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြံုရေးကို ခြိမ်းခြောက်လာနိုင်ခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့်ပြန်လည်စဉ်းစားသုံးသပ်ရန် အင်ဒိုနီးရှားနှင့် မလေးရှားတို့က ဒီဇင်ဘာ ရ ရက်တွင် တိုက်တွန်းသည်။
ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်က ကုလသမဂ္ဂ ဆုံးဖြတ်ချက်အချို့ကို ချိုးဖောက်ရာရောက်ပြီး ကမ္ဘာ့နိုင်ငံရေး တည်ငြိမ်မှုကို ထိုးနှက်လာနိုင်ကြောင်း ပြောသည်။
“အစ္စရေးရဲ့ မြို့တော်အဖြစ် ဂျေရုဆလင်ကို အမေရိကန်ရဲ့ တစ်ဖက်သတ်သတ်မှတ်မှုကို အင်ဒိုနီးရှားက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ အမေရိကန်ကို တိုက်တွန်းတယ်။”ဟု ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတွင် ဝီဒိုဒိုက ပြောခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထရမ့်၏ ကြေညာချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်သည်။
“ဒီလို ဆုံးဖြတ်ချက်မျိုးဟာ ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းရေး ကြိုစားအားထုတ်မှုတွေအားလုံးကို အဆုံးသတ်သွားစေမှာ ဖြစ်တယ်။ ဒေသ လုံခြံုရေးနဲ့ တည်ငြိမ်ရေးအပေါ် အကြီးအကျယ် ဂယက်ရိုက်လာရုံမကဘဲ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကြိုးစားမှုတွေကို ပိုမိုခက်ခဲသွားစေလိမ့်မယ်။”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အမေရိကန်သည် ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်းနှင့် တဲလ်အဗစ်ရှိ သံရုံးကို ဂျေရုဆလင်သို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ထရမ့်က ကြေညာခဲ့ခြင်း ဖြစ်သည်။