ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့နိုင်ရေး အမေရိကန်လုပ်ငန်းရှင်များ လာရောက်ဆွေးနွေး

ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့နိုင်ရေး အမေရိကန်လုပ်ငန်းရှင်များ လာရောက်ဆွေးနွေး

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် US-ASEAN Business ကောင်စီနှင့် UMFCCI မှ လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း  သိရသည်။

ကိုကာကိုလာ၊ GE ၊ဖိုဒ့်၊မိုက်ခရိုဆော့ဖ်နှင့်  General Motors စသည့် ကုမ္ပဏီကြီးများ အပြင် မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေသည့် အမေရိကန်လုပ်ငန်းရှင်များက လာရောက်ဆွေးနွေးခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် GM Motors ကုမ္ပဏီ၏ ဌာနေကိုယ်စားလှယ် ဦးဇော်မိုးခိုင်က ပြောကြားသည်။

“အခုလာကြတာကတော့ Sector မျိုးစုံကပါပဲ၊ မော်တော်ကားပါတယ်။ ဘဏ္ဍာရေးကဏ္ဍကလည်းပါတယ်။ လျှပ်စစ်လည်းပါတယ်။ရေနံလည်းပါတယ်။ပြီးတော့ နောက်တစ်ခါ အိုင်တီဘက်ကလည်းပါပါတယ်”ဟု ၎င်းက ရှင်းပြသည်။

အမေရိကန်အပါအဝင် နိုင်ငံတကာမှ လုပ်ငန်းရှင်များသည် ပြည်တွင်း၌ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စား ကြပြီး ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်ရေးအတွက် တိုင်းပြည်တည်ငြိမ်ဖို့အရေးကြီးကြောင်း UMFCCI မှ အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးကျော်မြင့်ဦးက ပြောကြားသည်။

“သူတို့ကစိတ်ဝင်စားတယ်။ အဲလိုစိတ်ဝင်စားဆိုတော့ ကျွန်တော်တို့ဆီမှာ  နံပါတ်(၁)က တိုင်းပြည်တည်ငြိမ်ဖို့၊ အခြေအနေတည်ငြိမ်ဖို့တော့လိုတယ် ”ဟု ၎င်းက ထောက်ပြပြောဆိုသည်။

ထို့အတူ US-ASEAN Business ကောင်စီသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများအတွက် လုပ်ငန်းရှင်များအပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် အစိုးရ ဌာနဆိုင်ရာများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အမေရိကန်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ သန်း ၃၇၀ ကျော် ဝင်ရောက်ထားကြောင်း MIC ၏ ကိန်းဂဏာန်းများအရ သိရသည်။

ထို့အတူ ယခုဘဏ္ဍာနှစ်ခြောက်လတာကာလအတွင်း  နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၄၅၂ သန်းကျော်ရှိပြီး မြန်မာနိုင်ငံမှ အမေရိကန်သို့ ပို့ကုန်ပမာဏ ၁၄၅ သန်းကျော်အထိ တင်ပို့ထားနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly