၂၀၁၇ ၏ ၀င်ငွေအများဆုံး ဂီတသမားများစာရင်း၌ ရှောင်ဒစ်ဒီထိပ်ဆုံးမှ ဦးဆောင်

၂၀၁၇ ၏ ၀င်ငွေအများဆုံး ဂီတသမားများစာရင်း၌ ရှောင်ဒစ်ဒီထိပ်ဆုံးမှ ဦးဆောင်

အမေရိကန်ရက်ပ်အဆိုတော် ရှောင်ဒစ်ဒီကုမ်းဘ်သည် ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည့် ၂၀၁၇ခုနှစ်၏ ၀င်ငွေ အများဆုံး ဂီတသမားများစာရင်းတွင် နာမည်ကျော်ဂီသမားများစွာကိုဖြတ်ကျော်ပြီး ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့ သည်။

ထုတ်လုပ်သူနှင့် စွန့်ဦးစီးပွားရေးသမားလည်းဖြစ်သော ရှောင်ဒစ်ဒီသည် သူ၏ Bad Boy Family Reunion နယ်လှည့်ဖျော်ဖြေပွဲများနှင့် Sean Jean အဝတ်အထည်ရောင်းချမှုတို့မှ ၀င်ငွေအများဆုံး ရရှိခဲ့ခြင်းဖြစ်ပြီး Forbes စီးပွားရေးမဂ္ဂဇင်းမှထုတ်ပြန်သည့် ၀င်ငွေအကောင်းဆုံးဂီတသမားစာရင်း၌ အမေရိကန်ဒေါ်လာ သန်း ၁၃၀ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။

သူ၏နောက်တွင် ပေါ့ပ်ဘုရင်မဘီယွန်းစေးက သူမ၏ Formation ကမ္ဘာလှည့်ဖျော်ဖြေပွဲနှင့် Lemonade အယ်လ်ဘမ်တို့မှ ၀င်ငွေ ၁၀၅ သန်းရရှိကာ ဒုတိယနေရာ၌ရပ်တည်နေပြီး ကနေဒါအဆိုတော်ဒရိတ်ခ်က ၀င်ငွေ ဒေါ်လာ ၉၄ သန်းနှင့် တတိယနေရာမှရပ်တည်နေကာ အဆိုတော် The Weeknd က ၀င်ငွေဒေါ်လာ ၉၂သန်း နှင့် စတုတ္ထနေရာ၌ ရပ်တည်နေသည်။

၂၀၁၇ ခုနှစ်၏ ၀င်ငွေအကောင်းဆုံး ဂီတသမားများစာရင်း၏ ထိပ်ဆုံးလေးနေရာ၌ လူမည်းအဆိုတော်များက အခိုင်အမာရပ်တည်နေခြင်းဖြစ်ပြီး သူတို့၏နောက်တွင် ဗြိတိန်ရော့ခ်ဂီတအဖွဲ့ Coldplay က ၀င်ငွေဒေါ်လာ ၈၈ သန်းနှင့် နံပါတ် ၅ နေရာ၌ ရပ်တည်နေသည်။

Forbes မဂ္ဂဇင်းသည် ပြီးခဲ့သောဇွန်လ ၂၀၁၆ မှ ယခုနှစ် ၂၀၁၇ အထိ ရရှိလာခဲ့သော ဂီတသမားများ၏ အခွန် မဆောင်ရသေးမီဝင်ငွေများကို သူတို့၏မန်နေဂျာများ၊ အေးဂျင့်များ၊ ရှေ့နေများကို အင်တာဗျူး၍ ယခုလိုစာရင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ပြီးခဲ့သောနှစ်က စာရင်းဇယားထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့သည့် အဆိုတော်တေလာဆွစ်နှင့် ဗြိတိန်အမျိုးသားဂီတ အဖွဲ့ One Direction တို့သည် ယခုနှစ်တွင်မူ စာရင်းဇယား၏ ထိပ်ဆုံး ၁၀ နေရာအပြင်ဘက်၌သာ ရပ်တည်နိုင် ခဲ့ကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly