ရွှေပြည်သာနှင့် လှိုင်သာယာမှ ၉ ရက်အတွင်း အမှုပေါင်း ၉၉ မှု ဖမ်းဆီး

ရွှေပြည်သာနှင့် လှိုင်သာယာမှ ၉ ရက်အတွင်း အမှုပေါင်း ၉၉ မှု ဖမ်းဆီး
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ ဒီဇင်ဘာလ ရ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းမှ ၉ ရက်အတွင်း အမှုပေါင်း ၉၉ မှုထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်အတွင်း စီမံချက်အနေဖြင့် နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူခဲ့ရာ စုစုပေါင်း ၅၇ မှုထိ ဖမ်းဆီးအရေးယူခဲ့ပြီး ရွှေပြည်သာမြို့နယ်တွင်လည်း နိုဝင်ဘာလ ၃ဝ ရက်မှ ဒီဇင်ဘာလ ၆ ရက်နေ့ထိ ဖမ်းဆီး ခဲ့ရာ စုစုပေါင်း ၄၂ မှုထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ အဓိကတော့ လှည့်ကင်းတွေနဲ့ ပိတ်ဆို့ဖမ်းဆီးမှုကို အရှိန်အဟုန်မြင့်ဆောင်ရွက်နေတာပေါ့။ နောက်ပြီးတော့ အရင်နာမည်ရှိနေတဲ့ လူဆိုးတွေကို ဖမ်းဆီးထိန်းသိမ်းတာတို့၊ ခြေချုပ်အရေး ယူတာတို့လုပ် တယ်။ အဓိကတော့ အမှုတွေကျတယ်ဗျ။ လုယက်မှုတွေကျတယ်။ ခိုးမှုတွေကျတယ်။ အဓိကတော့ဗျ။ ဓားကိုင် သောင်းကျန်းတဲ့အမှုတွေ တော်တော်လျော့သွားတာပေါ့။ ကျွန်တော်တို့ကို ဘယ်လိုဝေဖန်မှုတွေ ရှိနေပါစေ။ ကျွန်တော်တို့ စေတနာအပြည့်နဲ့ အများပြည်သူလုံခြံုဖို့အတွက် တာဝန်ထက်ပိုတဲ့ အပင်ပန်းခံမှုတွေနဲ့ ကြိုးစား ဆောင်ရွက်ပေးနေပါတယ်”ဟု ရွှေပြည်သာမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ခင်ဇော်က မဇ္စျိမသို့ ပြောသည်။

ရွှေပြည်သာမြို့နယ်တွင် တစ်ပတ်အတွင်း ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက် ဥပဒေအရ အရေးယူမှု ၁၂ မှု၊ ရဲအက်ဥပဒေဖြင့် အရေးယူမှု ၁ဝ မှု၊ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၄ အရအရေးယူမှု ၁၄ မှု၊ တရားခံပြေး ၁ ဦး၊ စစ်ပြေး ၁ ဦး၊ လက်နက်များ အက်ဥပေဒေပုဒ်မဖြင့် အရေးယူမှု ၄ မှု လောင်းကစား ဥပဒေဖြင့် အရေးယူမှု ၁ မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့် အရေးယူမှု ၁ မှု၊ စုစုပေါင်း ၄၂ မှုတို့အားဖမ်းဆီး အရေးယူခဲ့သည်။ လှိုင်သာယာမြို့နယ်တွင်လည်း ၉ ရက်အတွင်း ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက် ဥပဒေအရ အရေးယူမှု ၁၆ မှု၊ လက်နက်များ အက်ဥပဒေပုဒ်မဖြင့် အရေးယူမှု ၄ မှု၊ ရဲအက်ဥပဒေဖြင့်အရေးယူမှု ၁၃ မှု၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အရ အရေးယူမှု ၁၆ မှုနှင့် တရားခံပြေး ၂ ဦး၊ စစ်ပြေး ၄ ဦး၊ ပြည့်တန် ဆာအက်ဥပဒေပုဒ်မဖြင့် အရေးယူမှု ၃ မှု၊လောင်းကစားဥပဒေဖြင့် အရေးယူမှု ၃ မှု၊ ဗီဒီယိုအက်ဥပဒေဖြင့် အရေးယူမှု ၁ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူမှု ၁ မှု၊ စုစုပေါင်း ၅၇ မှုတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly