SSPP နှင့် နားလည်မှုလွဲဲ မှားပစ်ခတ်မိခြင်းသာဖြစ်ဟု TNLA ဆို

SSPP နှင့် နားလည်မှုလွဲဲ မှားပစ်ခတ်မိခြင်းသာဖြစ်ဟု TNLA ဆို

ရန်ကုန်၊ ဒီဇင်ဘာ ရ ။           ။ ရှမ်းပြည်တပ်ဖွဲ့ SSPP/SSA နှင့် တအာဝ်းပလောင် တပ်ဖွဲ့တို့ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စုအနီးတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ မတော်တဆ နားလည်မှုလွဲမှားကြခြင်းသာဖြစ်သည်ဟု TNLA ဘက်မှ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက် ည ၉ နာရီမှ  ဒီဇင်ဘာလ ၆ ရက် မနက် ၁ နာရီအထိ နမ္မတူမြို့နယ် အတွင်းရှိ မိုင်းရင် ကျေးရွာအုပ်စုနားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး PSLF/ TNLA အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဗုုိလ်မှူးချူပ် တာ့ဘုုန်းကျော် က  “ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ နှစ်ဖက်မှာနားလည်မှု နည်းနည်းလွဲမှားပြီး ဟိုဘက် ဒီဘက်ပစ်ကြတာ။ မတော်တဆ။ အခုက ဘာမှမဖြစ်တော့ပါဘူး အတူတူနေကြပါတယ်။ ကျွန်တော်တို့နှစ်ဖွဲ့က “  ဟုပြောဆိုသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များမှာ လတ်တလောတွင် လာရောက်ခြင်းမရှိသေးကြောင်း နမ္မတူစစ်ရှောင်စခန်း တာဝန်ခံ ဦးအောင်မြင့်စန်းက ဆိုသည်။

“ လောလောဆယ်တော့ IDP မရှိလာပါဘူးခင်ဗျ “ ဟု ၄င်းကဆိုသည်။

တအာဝ်းနှင့် SSPP တို့ ထိတွေ့မှုနှင့်ပတ်သက်ပြီး SSPP/ SSA ဘက်မှ အမြင်ကိုမေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ် ရန်ကြိုးပမ်း သောလည်း ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။

SSPP/SSA နှင့် TNLA တို့သည် တပ်မတော်နှင့် တိုက်ပွဲအချို့ဖြစ်ပွားနေသည့် အဖွဲ့များလည်းဖြစ်ပြီး UWSA  ဦးဆောင်သည့် လက်နက်ကိုင် ရ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော   ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။

ယင်းကော်မတီအနေဖြင့် အစိုးရလက်ရှိလုပ်ဆောင်နေသည့် NCA ကိုလက်ခံခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးခွင့် ရရှိရန် ကြိုးစားနေပြီး လက်ရှိတွင် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် တအာဝ်းလွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO) တို့နှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required