မုန်တိုင်းအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်

မုန်တိုင်းအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်

 

ရန်ကုန် ၊ ဒီဇင်ဘာ ရ ။          ။ ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဖြစ်ပွားနေသည့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က သတိပေးပြောဆိုလိုက်သည်။

"မြန်မာနိုင်ငံအတွက် မိုးရွာဖို့ရှိတယ်။ ဒီကောင်က အိန္ဒိယဘက်ဆိုပေမယ့် နောက်ပိုင်းမှာတော့ တရွေ့ရွေ့နဲ့ ဘင်္ဂလားဒေ့ရှ် ဘက်အထိ ရောက်လာနိုင်တယ်လေ။ အဲ့ဒါကြောင့် မြန်မာပြည်မှာ မိုးရွာဖို့ ရှိနေပါတယ်" ဟု ဦးထွန်းလွင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

လာမည့် ရက်သတ္တပတ် တစ်ပတ်အတွင်း ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ် ၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ၊ မွန်ပြည်နယ်တို့တွင် မိုးအနည်းငယ် ရွာသွန်းနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း၌ ၈ လုံးမြောက် မုန်တိုင်း BOB/08/2017 ဖြစ်ပေါ်နေပြီး မြောက်အရပ်သို့ တစ်နာရီ ၄ ကီလိုမီတာ နှုန်းဖြင့် ရွေ့လျားလာနေကာ အိန္ဒိယနိုင်ငံ North Andrapradexh ကမ်းခြေ နှင့် South Odisha ကမ်းခြေဆီသို့ ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာနိုင်သည်ဟု ဦးထွန်းလွင်က သုံးသပ်ထားသည်။

ယင်းမုန်တိုင်းအခြေအနေနှင့် ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိသောကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားသည်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးမည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက  ထုတ်ပြန်ထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် (၈)ပေမှ (၁၂)ပေခန့်၊ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် တွင် (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly