ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် ထရမ့် ကြေညာခြင်းကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်လာ

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် ထရမ့် ကြေညာခြင်းကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်လာ

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ရ ။              ။ အမေရိကန်နိုင်ငံက အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် ဂျေရုဆလင်အား အသိအမှတ်ပြုကာ တဲလ်အဗစ်ရှိ အမေရိကန်သံရုံးကို ဂျေရုဆလင်သို့   ပြောင်းရွှေ့မည်ဖြစ်ကြောင်း သမ္မတ ထရမ့်က ကြေညာလိုက်ပြီးနောက် တူရကီအပါအဝင် အရှေ့အလယ်ပိုင်းတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ဖြစ်ပွားသည်။

ထရမ့်သည် “ငရဲတံခါးကို ဖွင့်လှစ်လိုက်ပြီ။”ဟု ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့က ပြောပြီး နယ်မြေအတွင်း အမေရိကန်အလံများကို  မီးရှို့ကြသည်။

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်က ဂျေရုဆလင်သည် ပါလက်စတိုင်းနိုင်ငံတော်၏ ထာဝရမြို့တော်ဟု အလေးထား ပြောဆိုသည်။

အဆိုပါ လုပ်ဆောင်ချက်ကို အီရန်က ရှုတ်ချကာ ဂျော်ဒန်ကလည်း ထရမ့်သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သည်ဟု ပြောဆိုသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်တွင် ဆန္ဒပြသူထောင်ပေါင်းများစွာက လမ်းပေါ်ထွက် ကန့်ကွက်ကြသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးကလည်း “အမေရိကန်အစိုးရကို ကျွန်တော်တို့ ရှုတ်ချတယ်။ ဆိုးဝါးတဲဲ့ အနှုတ်လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တဲ့ ဂျေရုဆလင်ကို အစ္စရေးမြိို့တော်အဖြစ် သတ်မှတ်ပြီး သံရုံးရွှေ့ပြောင်းမယ့် ဆုံးဖြတ်ချက်ကို အမေရိကန်အနေနဲ့ ပြန်လည်စဉ်းစားဖို့ တိုက်တွန်းလိုက်တယ်။”ဟု ထုတ်ပြန်လိုက်သည်။

ရှေးဟောင်း ဂျေရုဆလင်မြို့တော်ကို အစ္စရေးတို့က ၎င်းတို့၏ မြို့တော်အဖြစ် အတည်ပြုဆိုထားသလို ပါလက်စတိုင်းကလည်း ၎င်းတို့၏ အနာဂတ်မြို့တော်အဖြစ် အတည်ပြုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly