ဂျေရုစလမ်ကို အစ္စရေး၏မြို့တော်အဖြစ် ထရမ့်၏အသိအမှတ်ပြုမှုအား နိုင်ငံတကာအသိုင်းအဝိုင်းပယ်ချ

ဂျေရုစလမ်ကို အစ္စရေး၏မြို့တော်အဖြစ် ထရမ့်၏အသိအမှတ်ပြုမှုအား နိုင်ငံတကာအသိုင်းအဝိုင်းပယ်ချ

 

ဒီဇင်ဘာ ရ ။               ။ ဂျေရုစလမ်မြို့ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိအမှတ်ပြုသည့် ထရမ့်၏တစ်ဖက်သတ်ဆန်သော ဆုံးဖြတ်ချက်အား ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာရပ်နိုင်ငံများက ဗုဒ္ဓဟူးနေ့တွင် ငြင်းဆန်ပယ်ချခဲ့ပြီး သူတို့အနေဖြင့် ထိုဆုံးဖြတ်ချက်နှင့်ပက်သက်၍ အလွန်တရာစိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့ကြသည်။

ထရမ့်၏ယခုလိုကြေညာချက်ကို အစ္စရေးတို့ဘက်မှ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်နေသော်လည်း ပါလက်စတိုင်းတို့အတွက်မူ အကြီးအကျယ်ဒေါသထွက်စရာ ဖြစ်စေခဲ့သည်။ ထို့အတွက်ထရမ့်အား နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်စွာဝေဖန်ခဲ့သလို ဂျေရုစလမ်မြို့၏ဖြစ်တည်မှုကို လေးစားမှုရှိရန် ထရမ့်ကိုတောင်းဆို ခဲ့ဖူးသည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကပါ ပြစ်တင်ဝေဖန်ခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဂျေရုစလမ်မြို့၏ ဖြစ်တည်မှုအခြေအနေအရပ်ရပ်ကို အစ္စရေးနှင့် ပါလက်စတိုင်းလူမျိုးများကသာ နှစ်ဦးနှစ်ဖက် တိုက်ရိုက်ညှိုနှိုင်းရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ ပြီး ထိုဒေသနှင့်ပက်သက်၍ နှစ်နိုင်ငံစလုံးမှ ဆွေးနွေးအဖြေရှာဖို့ ရှေ့ဆက်လုပ်ဆောင်သွားရန် လိုအပ်နေပြီ ဖြစ်ကြောင်း သူက အလေးပေးပြောဆိုခဲ့သည်။

ဒါ့အပြင်ဂူတာရက်စ်က တစ်ဖတ်သတ်ဆန်သော ဒေါ်နယ်ထရမ့်၏ဆုံးဖြတ်ချက်ကို ပယ်ချခဲ့သလို သက်ဆိုင်သူ အားလုံးကို လေးစားမှုမရှိသည့် ဆုံးဖြတ်ချက်များချမှတ်ခြင်းသည် အစ္စရေးနှင့် ပါလက်စတိုင်းကြားရှိ ငြိမ်းချမ်းရေးကို ပျက်ဆီးသွားစေနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဥရောပသမဂ္ဂကလည်း ဂျေရုစလမ်မြို့နှင့်ပက်သက်၍ ဒေါ်နယ်ထရမ့်၏ရပ်တည်မှုအပေါ် အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုခဲ့ကြသည်။ “ဂျေရုစလမ်မြို့ကို နှစ်နိုင်ငံစလုံးရဲ့မြို့တော်အဖြစ် သတ်မှတ် နိုင်ဖို့အတွက် အပြန်အလှန်ဆွေးနွေးညှိုနှိုင်းခြင်းဖြင့်သာ အဖြေရှာရမှာဖြစ်ပါတယ်”ဟု အီးယူ၏ ထိပ်သီးသံတမန် ဖြစ်သူ ဖရက်ဒရီကာမိုဟာရီနီက ပြောခဲ့သည်။

အယ်လ်ဂျီးယားသို့ နိုင်ငံတော်ခရီးစဉ်ဖြင့်ရောက်ရှိနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကလည်း ထရမ့်၏ဆုံးဖြတ်ချက်သည် စိတ်မကောင်းစရာဖြစ်ပြီး ယင်းကိစ္စ၌သက်ဆိုင်သူအားလုံးအနေဖြင့် အကြမ်းဖက်မှု များကို ရှောင်ရှားကြဖို့ တောင်းဆိုခဲ့သည်။

ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ် သရီစာမေကလည်း ထရမ့်၏ဆုံးဖြတ်ချက်သည် အရှေ့အလယ်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးကြိုးပမ်းချက်အပေါ် အကူအညီမရကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required