ပရီးမီးယားလိဂ်အသင်းငါးသင်းစလုံး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်သည့် စံချိန်သစ်ရရှိ

ပရီးမီးယားလိဂ်အသင်းငါးသင်းစလုံး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်သည့် စံချိန်သစ်ရရှိ

 

ဒီဇင်ဘာ ရ၊ အင်္ဂလန် ။                          ။ လီဗာပူးလ်အသင်းက စပါးတပ်မော်စကိုအသင်းကို ရ-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ပရီးမီးယားလိဂ်အသင်းငါးသင်းစလုံး ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။ (မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါး)

ထို့ကြောင့် ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှုံးထွက်အဆင့်သို့ အသင်းငါးသင်းစလုံးတက်ရောက်နိုင်သည့် ပထမဆုံးလိဂ်ဖြစ်လာခဲ့သည်။

ယခင်က မည်သည့်လိဂ်မှ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့အသင်းငါးသင်းတက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ပြီးခဲ့သည့်နှစ်က လာလီဂါအသင်းငါးသင်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရခဲ့သော်လည်း ဗီလာရီးယဲလ်အသင်းက မိုနာကိုအသင်းကို Play Off တွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် မှတ်တမ်းမဝင်ခဲ့ပေ။

စပါးတပ်မော်စကိုအသင်းနှင့်ပွဲတွင် လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးများကို ကော်တင်ဟိုက သုံးဂိုး၊ မာနေးက နှစ်ဂိုး၊ ဆာလက်နှင့်ဖာမီနိုတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြသည်။ နည်းပြဂျာဂင်ကလော့ပ်၏အသင်းမှာ ချန်ပီယံလိဂ်တွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၈ ပွဲစလုံး ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်မှ မန်ယူ၊ မန်စီးတီး၊ စပါးနှင့် လီဗာပူးလ်တို့မှာ အုပ်စုပထမဖြင့် ရှုံးထွက်အဆင့်သို့တက်နိုင်ခဲ့ကြပြီး ချယ်လ်ဆီးမှာ အုပ်စုဒုတိယသာရရှိခဲ့သည်။ ၂၀၀၆-၀၇ ရာသီနောက်ပိုင်းတွင် ပရီးမီးယားလိဂ်အသင်းလေးသင်း အုပ်စုပထမရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်ကတော့ ရှုံးထွက်အဆင့်တွင် မည်သည့်အသင်းနှင့် တွေ့ဆုံသည်ဖြစ်စေ ကြောက်ရွံ့မှု မရှိကြောင်းပြောဆိုခဲ့သည်။

ရည်ညွှန်း ယူအီးအက်ဖ်အေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly