မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း ကျဆင်းဟု ကုလသမဂ္ဂ ထုတ်ပြန်

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း ကျဆင်းဟု ကုလသမဂ္ဂ ထုတ်ပြန်

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့က ရန်ပုံငွေအတွက် အားထားနေရသည်ဟု သိထားရသော ဘိန်းစိုက်ပျိုးမှုများသည် ၂၅ရာခိုင်နှုန်းအထိ ကျဆင်းကြောင်း ဒီဇင်ဘာ ၆ ရက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး UNODC ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ဒုတိယအများဆုံး ဘိန်းထွက်ရှိရာ မြန်မာနိုင်ငံအတွင်း ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမြေ ပေါင်း ဟတ်တာ ၄၁၀၀၀ (ဧက ၁၀၁၃၀၀ ဝန်းကျင်) ပဲ ရှိတော့ရာ၂၀၁၅ ခုနှစ်အတွင်းက ဟတ်တာ ၅၅၀၀၀ ရှိခဲ့သည်နှင့် နှိုင်းယှဉ်တွေ့နိုင်သည်။

ယင်းသို့ ကျဆင်းသွားရခြင်းသည် တစ်ဟက်တာ အထွက်နှုန်း မြင့်မားခြင်းကြောင့်၂၀၁၅ နှင့် နှိုင်းယှဉ်လျှင် ၁၄ ရာခိုင်နှုန်းအထိ ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းရခြင်း ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“တစ်ဖက်မှာက အုပ်ချုပ်ရေးအပိုင်းနဲ့ လုံခြံုရေးတပ်တွေကြား အဆက်အသွယ်နဲ့ အခြားတစ်ဖက်မှာက ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေဟာ ဖြစ်တည်နေဆဲပဲ ဖြစ်တယ်။”ဟု UNODC ၏ အရှေ့တောင် အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ် ဂျာရမ်မီဒေါက်ကလပ်စ်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ဘိန်းကို အမှီပြုနေရာကနေ အသွင်ပြောင်းခိုင်မာတဲ့စီးပွားရေးအခွင့်အလမ်း တွေ ဖော်ဆောင်ပေးနိုင်ရေးကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကနေ သွေဖယ်နေကြဦးမယ်ဆိုရင် ဒါကို တတ်နိုင်ကြမှာ မဟုတ်ဘူး။”ဟု ဒေါက်ကလပ်စ်က ပြောသည်။

UNODC သည် ၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံအား အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယ ဘိန်းအများဆုံး ထွက်ရှိသည့်နိုင်ငံအဖြစ် သတ်မှတ်ထားခဲ့သည်။

“မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုကို ကိုင်တွယ်ဖြေရှင်းရေး အရေးကြီးတဲ့ခြေလှမ်းတွေ စတင်ဖော်ဆောင်နေ လျက်ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ပါပူးပေါင်းကူညီပေးနေတဲ့ ရှမ်းတောင်ပိုင်းမှာပါပဲ။ ဒါပေမယ့် ဒီအရေးအတွက်ကျွန်တော်တို့တွေ အင်အား များစွာ စိုက်ထုတ်လုပ်ဆောင်သွားဖို့ လိုသေးတယ် ဆိုတာတော့ သုံးသပ်မိထားပါတယ်”ဟု UNODC Myanmar အကြီးအကဲ ဗီစတာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required