ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် အသိအမှတ်ပြုမှုက တင်းမာမှုများ ပိုဆိုးဝါးသွားနိုင်ဟု တရုတ် ပြော

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန် အသိအမှတ်ပြုမှုက တင်းမာမှုများ ပိုဆိုးဝါးသွားနိုင်ဟု တရုတ် ပြော

ပေကျင်း၊ ဒီဇင်ဘာ ၆ ။          ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမည့် အစီအစဉ်သည် ဒေသတွင်း တင်းမာမှုများကို ပိုမိုအရှိန်မြင့်သွားစေနိုင်ကြောင်း တရုတ်နိုင်ငံက ဒီဇင်ဘာ ၆ ရက်တွင် သတိပေးလိုက်သည်။

“တင်းမာမှုတွေ ပိုမိုဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တာကို ကျွန်တော်တို့ စိုးရိမ်နေရပြီ။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို စိတ်နှလုံးသွင်းထားသင့်တယ်။ ပြောဆိုလုပ်ဆောင်မှုတွေကို သတိကပ်ထားရမှာဖြစ်တယ်။ ပါလက်စတိုင်း အခြေတည်မှုအပေါ် သက်ရောက်မှာမျိုး၊ ဒေသတွင်း ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်တာမျိုးကို ရှောင်ရှားကြရမှာဖြစ်တယ်။”ဟု ကျန်ရှောင်းက ပြောသည်။

ထရမ့်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက သမ္မတသည် အိမ်ဖြူတော်မှနေ၍ ဒီဇင်ဘာ ၆ ရက်မှာ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် ကြေညာလိမ့်မည်ဟု ပြောဆိုထားသည်။ ယင်းသို့ ထရမ့်က လုပ်ဆောင်လာပြီဆိုပါက အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ တစ်ဟုန်ထိုး ဖြစ်ပွားစေနိုင်သော ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရေးကို ရှောင်ရှားလာသည့် အမေရိကန်၏ ပေါ်လစီကို အဆုံးသတ်လိုက်ခြင်းလည်း ဖြစ်ပေမည်။

အမည်မဖော်လိုသည့် ၎င်းတာဝန်ရှိသူက အစ္စရေးရှိ တဲလ်အဗစ်တွင် ရှိသော အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ရန် ထရမ့်က အမိန့်ထုတ်တော့မည်ဖြစ်ကြောင်းကိုလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly