မီဒီယာဖြေဆိုခွင့် ပိတ်ထားခြင်း မရှိဘဲ YBS ယာဉ်ပိုင်ရှင်များကို ယာဉ်လိုင်းအကြောင်း ပြောဆိုခွင့်ပေးထားဟု ဆို

မီဒီယာဖြေဆိုခွင့် ပိတ်ထားခြင်း မရှိဘဲ YBS ယာဉ်ပိုင်ရှင်များကို ယာဉ်လိုင်းအကြောင်း ပြောဆိုခွင့်ပေးထားဟု ဆို

 

ရန်ကုန်၊ဒီဇင်ဘာ ၆ ။               ။ YBS ကုမ္ပဏီများကို မိမိယာဉ်လိုင်းနှင့်ပတ်သက်သည်များအား ဖြေဆိုရန်ခွင့်ပြုထားပြီး YRTA အစည်းအဝေး ဆုံးဖြတ်ချက်များအား တရားဝင်မကျသေးခင် သတင်းမပြန့်စေချင်၍သာ ပေါ်လစီပိုင်းဖြေခွင ့်ပိတ်ထားခြင်း ဖြစ်ကြောင်း YRTA (ရန်ကုန်တိုင်းဒေသကြီးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့)၏ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က မဇ္စျိမသို့ ပြောသည်။

"ပေါ်လစီပိုင်းတို့ အရေးယူမှုတို့က သတင်းမထုတ်ပြန်သေးဘဲနဲ့ အပြင်မှာ ပြန့်နေလို့ ဖြေလို့မရဘူးပြောတာ၊ ခေါ်ပြီးတော့ သတိပေးတာ၊ အဲဒါက လုံးဝ မီဒီယာပိတ်ပင်ထားတာ မဟုတ်ဘူးနော်၊ တချို့လူတွေက သူတို့ရဲ့ အာဘော်တွေနဲ့ဖြေတော့ လွဲကုန်မှာစိုးလို့ ပြောတာ"ဟု ဒေါက်တာမောင်အောင်က ပြောသည်။

YBS ကုမ္ပဏီများကို မီဒီယာဖြေကြားခွင့်အား YRTA မှ ပိတ်ပင်ထားသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် လူအများအပြားက ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခဲ့ကြသည်။

"YRTA ဆိုတာက တကယ့်ကို ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရမယ့်အဖွဲ့၊ မီဒီယာတွေနဲ့ ပေါင်းပြီးတော့ လုပ်ပေးရမယ့်အဖွဲ့"ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောသည်။

YBS စနစ် စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ကာ ယခင်နိုဝင်ဘာလအထိ  ၁၁ လတာအတွင်း YRTAမှ ယာဉ်လိုင်းများအား မည်သည့်ကိစ္စမဆို မီဒီယာသို့ ဖြေဆိုခွင့်ပြုထားသည်။

သို့သော် ယာဉ်လိုင်းတစ်ခုကို ဖျက်သိမ်းသည့် အစည်းဝေးဆုံးဖြတ်ချက် တရားဝင်မထုတ်ပြန်သေးခင် သတင်းထွက်ပေါ်ခဲ့သည့်နောက်ပိုင်းမှစတင်ကာ ယခုကဲ့သို့ အစည်းဝေး တရားဝင်မထုတ်ပြန်ခင် မီဒီယာဖြေဆိုခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required