စွန့်ပစ်ခံ အဖိုး၊ အဖွား များကို တကိုယ်တော်ပရဟိတ အမျိုးသမီးတစ်ဦးက ကူညီပေးနေ

စွန့်ပစ်ခံ အဖိုး၊ အဖွား များကို တကိုယ်တော်ပရဟိတ အမျိုးသမီးတစ်ဦးက ကူညီပေးနေ

ရန်ကုန်၊ ဒီဇင်ဘာလ ၆ ။             ။ မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားမှ စွန့်ပစ်ခံရသည့် အဖိုး၊ အဖွားများအား ကူညီပေးခဲ့သည်မှာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ထိ အဖိုး၊ အဖွားဦးရေ ၆ဝ နီးပါးရှိပြီဖြစ်ကြောင်း တကိုယ်တော်ပရဟိတ အမျိုးသမီးဖြစ်သူ မယဉ်မွန်က မဇ္စျိမသို့ ပြောသည်။

 အဆိုပါ အဖိုး၊ အဖွား ဦးရေ ၆ဝ နီးပါးအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဘိုးဘွားရိပ်သာများသို့ ချိတ်ဆက် ပို့ဆောင်ပေးခဲ့ပြီး စိတ်ကျန်းမာရေး မကောင်းသော အဖိုး၊ အဖွားများကိုလည်း စိတ်ကျန်းမာရေး ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 “ညီမက ဘိုးဘွားရိပ်သာတွေနဲ့ ချိတ်ထားတဲ့အတွက်ကြောင့် ဒုက္ခရောက်နေတဲ့ အဖိုးအဖွားတွေကို ဘယ်နေရာ ကပဲဖြစ်ဖြစ် ညီမသွားခေါ်ပြီး ပို့ပေးနေတာပါ။ အဖိုး၊ အဖွားတွေအပြင် မိဘမဲ့ကလေးငယ် တွေလည်းပါတယ်။ ကျောင်းမတက်နိုင်တဲ့ကလေးငယ်တွေလည်း ပါတယ်။ အလှူမခံဘဲနဲ့ ညီမရဲ့ လစာနဲ့ပဲ ညီမလုပ်ပေးတယ်။ အခု လည်း ညီမ တတ်နိုင်သမျှ သွားခေါ်နေပါတယ်။ ဟိုတစ်ရက်ကပဲ စိတ်မနှံ့တဲ့ အဖိုးနဲ့ အဖွားကို သွားခေါ် ပေးခဲ့ တယ်။ စိတ်မနှံ့တဲ့ သူတွေကျတော့ စိတ်ကျန်းမာရေး ဆေးရုံကို ပို့ပေးတယ်။ နောက်ပိုင်း ဘိုးဘွားရိပ်သာကို ပို့ပေးတယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကျတော့ ကျောင်းတက်နိုင်အောင် ကူညီပေးနေပါတယ်”ဟု မယဉ်မွန်က ပြောသည်။

 ထိုသို့ စွန့်ပစ်ခံ အဖိုး၊ အဖွားများအား စောင့်ရှောက်ရန်အတွက် ကူညီခေါ်ဆောင်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ အရေအတွက် အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် စသည့် ဒေသဘက်များမှ လည်း အရေအတွက်များကြောင်းသိရသည်။

 အဆိုပါ စွန့်ပစ်ခံထားရသည့် အဖိုးအဖွားများအား မိမိလစာဖြင့် စောင့်ရှောက်ရန် ကူညီခေါ်ဆောင် ပေးနေခြင်းမှာ အဖိုး၊ အဖွားများ၏ ဘဝနေဝင်ချိန်ကောင်းမွန်စေချင်သည့်အတွက် ကူညီပေးနေခြင်း ဖြစ်ကြောင်း မယဉ်မွန်က ပြောသည်။

“ ဘာကြောင့် လုပ်ဖြစ်သွားတာလဲဆိုတော့ ကိုယ့်ကိုယ်တိုင်လည်း မိဘ မစုံခဲ့ဘူးလေ။ ကိုယ့်အနေနဲ့ ကတော့ ဘာကြောင့်ဖြစ်ဖြစ် ကိုယ့်ရဲ့ခံစားချက်နဲ့ကိုယ် လုပ်ဖြစ်သွားတာပါ။ စွန့်ပစ်ခံထားရတဲ့ အဖိုး၊ အဖွားတွေကို မြင် တွေ့ရတော့ သူ့တို့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ ခံစားချက်နဲ့ ကိုယ်ချင်းစာ မိတယ်။ ဒါကြောင့် အဖိုး၊ အဖွား တွေရဲ့ ဘဝနေဝင်ချိန်လေး ကောင်းမွန်နိုင်အောင် ညီမ တတ်နိုင် သလောက်၊ ခွန်အားရှိသလောက် ကူညီပေး တာပါ။ ကလေးတွေဆိုရင်လည်း သူတို့ရဲ့ ပျောက်နေတဲ့ လမ်းလေးတွေကို ပြန်ပြီးတွေ့အောင် ညီမ တတ်နိုင်သလောက် ကူညီပေးတာပါ။ အများကြီး မကူညီနိုင်ရင်တောင်မှ တတ်နိုင်သမျှလေး အဲ့ဒီလိုမျိုးတွေ လုပ်ပေးသွားချင်တယ်” ဟု မယဉ်မွန်ကပြောသည်။

အဆိုပါ စွန့်ပစ်ခံရသည့် အဖိုး၊ အဖွားများနှင့် ကလေးငယ်များအား ကူညီစောင့်ရှောက်ပေးနေသည့် မယဉ်မွန်မှာ အသက် ၂၅ နှစ်အရွယ်ခန့်ရှိပြီး ကူညီပေးနေသည်မှာ ၅ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required