ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အကောင်ထည်ဖော်မှု အခြေအနေအပေါ် သုံးသပ်မှု အပိုင်း (၁)

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အကောင်ထည်ဖော်မှု အခြေအနေအပေါ် သုံးသပ်မှု အပိုင်း (၁)

 

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။         ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီမံကိန်းများ လုပ်ကိုင်ရာမှာ ပွင့်လင်းမြင်သာမှု အားနည်းနေတယ် ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်က အစိုးရအဖွဲ့ကို စီမံကိန်းများ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ထောက်ပြပြောဆိုနေတာတွေလည်း ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး ၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို မဇ္စျိမသတင်းထောက် ဇေယျာမော်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။    ။ ရန်ကုန်မြို့သစ်လိုစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မတီအနေနဲ့ ဘာတွေ သိထားတာရှိလဲ။ အစိုးရကရော ဒီ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်တဲ့ အချိန်မှာ ကော်မတီနဲ့ တိုင်ပင်ပြီးတော့ လုပ်ဆောင်တာရော ရှိလား။

ဖြေ။       ။ ဒီမြို့သစ်စီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး ၁/၂၀၁၇ မှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကိုယ်စား ၀န်ကြီး ဒေါ်နီလာကျော်ကနေ လွှတ်တော်ကို ရှင်းပြသွားတာမျိုးပဲ ရှိတယ်။ မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်မယ်ပေါ့၊ အရင်အစိုးရလက်ထက်က အကောင်အထည်ဖော်ဖို့ စီစဉ်ပြီးပြီ။ ကုမ္ပဏီ သုံးခုနဲ့ပေါ့။ အခုကျတော့ အဲ့ကုမ္ပဏီသုံးခုကို ဖျက်ပြီးတော့ ထပ်ပြီးအကောင်အထည်ဖော်ဖို့ လုပ်ပါမယ်ဆိုတာလေးကို ဒေါ်နီလာကျော်က ပြောသွားတယ်။ အဲ့လိုပြောတော့ အန်ကယ်တို့ ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ထပြီး မြို့သစ်စီမံကိန်းကတော့ ကိုယ်စားလှယ်တွေကို ဆွေးနွေးခွင့်ပေးပါ ဆိုပြီး ထတောင်း တော့ ကိုယ်စားလှယ်တွေ ဆွေးနွေးမယ်ဆိုရင် မနက်ဖြန် ၁၂ နာရီအရောက်ပေါ့လေ ။ စာရင်းပို့ပါဆိုတော့ ဘယ်လိုလုပ်ပို့မလဲ။ ဒီနေ့ရှင်းပြတယ်။ မနက်ဖြန် ၁၂ နာရီ ပို့ပါဆိုတော့ ကပ်နေပြီ။ အဲ့ဒါနဲ့ လွှတ်တော်အရေးပေါ် အစည်းအဝေးက ပြီးသွားတယ်။  ၈ လပိုင်း အကုန်မှာ ပဥ္စမပုံမှန်အစည်းအဝေး ပြန်စတယ်။ ကာလအားဖြင့်  ရ လပိုင်းမှာ လွှတ်တော်လာပြောတယ်။ အခု ၁၂ လပိုင်းထဲရောက်သွားပြီ။ ဒီနေ့အထိ ဒီဟာကြီးကို ဆွေးနွေးတာ ရော၊ ဘာရော ဘာမှမရှိသေးဘူး။ အကယ်၍ နောက်ဆုံးနေ့ပေါ့၊ လွှတ်တော်ဥက္ကဋ္ဌက အောင်မြင်စွာ ပြီးဆုံးပါတယ် ဆိုရင် အန်ကယ်တို့က ထမှာ ကန့်ကွက်မှာ။ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်လို့ လွှတ်တော် အနေနဲ့ ဆွေးနွေးခွင့်မရသေးပါဘူး ဆိုပြီး ပြောမယ်။ အဲ့ဒါလေးပါပဲ ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ နောက်ဆုံးအခြေအနေလေးကိုပဲ ပြောလိုပါတယ်။

မေး။    ။ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ပေါ့နော်၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြောလို့ရလား။

ဖြေ။       ။ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ပြောလို့ရလားဆိုတော့ သူတို့ကတော့ လွှတ်တော်ကို ချပြတယ် ပြောမှာပဲ။ ချပြတာက မပြည့်စုံဘူး။ သူတို့ကတော့ ပြည့်စုံတယ်ထင်မှာပေါ့နော်၊ အန်ကယ်တို့အနေနဲ့က မပြည့်စုံဘူး။ သူချပြတယ် ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို၊ တွံတေး သုံးမြို့နယ်မှာလုပ်မယ် ဧကပေါင်း ၁၀၀၀၀ ကျော်မှာ အကောင်အထည်ဖော်မှာလေ။ ဘဏ္ဍာရေးသုံးစွဲမှုပေါ့လေ ကမ္ဘာ့ဘဏ်က ချေးငွေနဲ့လုပ်မှာ၊ သူ့ရဲ့ရည်ရွယ်ချက်ထဲမှာ ပါတယ်။ ကျူးကျော်ပြဿနာတွေ ၊ အလုပ်လက်မဲ့ပြဿနာတွေ ၊ ရေတို့ မီးတို့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းနိုင်အောင် ဒါတွေ လိုအပ်တယ်ဆိုပြီး သူတို့ ဒါပဲပြောသွားတာ။ အန်ကယ်တို့အနေနဲ့ကျတော့ ဒေသခံကိုယ်စားလှယ်တွေနဲ့ ပြန်ဆွေးနွေးတဲ့အခါကျတော့ ဒေသခံ ကိုယ်စားလှယ်တွေက မြေသိမ်းထားတာကို ဘယ်လိုလျော်ကြေးတွေပေးမှာလဲ၊ မြေယာအငြင်းပွားမှုတွေကလဲ ရှုပ်နေတယ်၊ မြစ်တစ်ဖက်ကမ်းဆိုတော့ တံတားကိုဘယ်နေရာက ဖြတ်မှာလားဆိုတာ မသိဘူး။ ဒါလေးတွေ မေးသင့်တာလေးတွေပေါ့နော်။ အဲ့ဒါကြောင့် အန်ကယ်တို့ ဆွေးနွေးချင်တယ်။ ထပ်ပြီးတော့ ဆွေးနွေးခွင့်ရ အောင် လုပ်ရမယ်။ အန်ကယ်တို့ဆွေးနွေးတာကို အစိုးရက ဘယ်လိုတုံ့ပြန်မလဲ။ ပွင့်လင်းမြင်သာမှုက အဲ့ဒါလေးအပေါ်မှာ မူတည်ပါတယ်။

မေး။    ။ လွှတ်တော်မှာ အဆိုတွေ တင်တယ်၊ အတည်ပြုတာလည်း ရှိတယ်၊ အဲ့ဒီအဆိုတွေနဲ့ ပတ်သက်ပြီး အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းက ဘယ်လောက်ထိလုပ်ပေးပြီလဲ။

ဖြေ။       ။ တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ စစချင်းမှာ ယာဉ်ကြောကျပ်တည်းမှုပြဿနာ အဆို အောင်မြင်ခဲ့တယ်။ ဖြေရှင်းနိုင်ဖို့ ဦးစားပေးလုပ်တယ်။ လုပ်တဲ့နေရာမှာလည်း တကယ်တမ်းကျတော့ ဒီနေ့အထိ ဖြေလျှော့မှုမရှိဘူး။ အန်ကယ် ဒဂုံမြို့နယ်မှာဆိုလည်း Control Center ဆိုတာရှိတယ်။ တစ်နှစ်ကျော်လာပြီ ။ အခုထိ မပြီးသေးဘူး။ အသုံးချလို့  မရသေးဘူး။ ခေတ်မှီ မီးပွိုင့်ပေါင်း ၁၅၄ ခု တပ်တဲ့နေရာမှာ အန်ကယ် သိသလောက် ဒီနေ့အထိ ၈၀ ကျော်လောက်ပဲ ပြီးသေးတယ်။ ဒါကိုနည်းနည်းလိုက်လုပ်ရမယ်။ အန်ကယ် ပြောချင်တာက အဆိုအောင်မြင်တဲ့ဟာ ယာဉ်ကြောတွေ ကျပ်တာတော့ ထားတော့ ဒီ Control Center က ခေတ်မီ မီးပွိုင့်တပ်ဆင်လို့ပြီးရင် အတိုင်းအတာတစ်ခုအထိ ယာဉ်ကြောကျပ်တည်းမှုကို လျော့ချနိုင်မယ်၊ ဒုစရိုက်မှုတွေအတွက်လည်း ကောင်းမယ်။ အဲဒါကိုတောင် တွန်းအားပေးပြီး အောင်မြင်အောင် မလုပ်နိုင်သေး ဘူး။ အဆိုတွေကို အကောင်အထည်ဖော်မှုအပိုင်းမှာလည်း အားနည်းတယ်လို့ပဲ ပြောချင်ပါတယ်။

မေး။    ။ တခြားအဆိုတွေကိုရော တိုင်းဒေသကြီးအစိုးရဘက်က လုပ်ပေးနေတာရော ရှိလား။

ဖြေ။       ။ အန်ကယ်တို့ လွှတ်တော်မှာ YBS အဆိုကို အတည်ပြုထားတယ်။ အများပြည်သူသယ်ယူပို့ဆောင် ရေး တိုးတက်လာအောင် ပြောင်းလဲမှုလုပ်ရမယ်လေ။ ပြောင်းလဲတာကို လက်ခံတယ်၊ တိုးတက်စေချင်တယ်။ ပြည်သူလူထု သက်သက်သာသာချောင်ချောင်ချိချိနဲ့ သွားလာစေချင်တယ်။ ဒီဟာကို တစ်နှစ် စောင့်ကြည့်ပါ ဆိုတော့ ရှေ့နှစ် ဇန်နဝါရီ ၁၆ ရက်ဆို တစ်နှစ်ပြည့်ပြီ။ ပြည့်ရင် အန်ကယ်တို့ထပ်ပြောဦးမယ်၊ အန်ကယ်လည်း YBS စီးတယ် တိုးတက်လာသလား ဆိုတော့လည်း သိသိသာသာကြီး တိုးတက်မလာဘူး။ သုံးလအတွင်း ကတ်စနစ်လုပ်မယ် ပြောတယ် ။ တစ်နှစ်ပြည့်တော့မယ် မလုပ်နိုင်သေးဘူး။ နိုင်ငံတကာအဆင့်မီ ကားမှတ်တိုင် တွေ ယာဉ်မှတ်တိုင်တွေလုပ်မယ်၊ မသန်စွမ်းသူတောင်မှ အမှီအခိုကင်းပြီးတော့ မျက်မမြင်ဆို လည်း  ဒီမှတ်တိုင်ကနေ လာပြီး စမ်းပြီးတော့ ဘတ်စ်ကားပေါ် တက်နိုင်ရမယ်။ ဒီလောက်ထိတောင် မျှော်မှန်းပြီးတော့ လုပ်နေတာပါ။ အဲ့ဒါတွေ နေပါဦး ၊ ဒီနေ့အထိ YBS လမ်းညွှန်ဆိုင်းဘုတ်က ပီပီပြင်ပြင် မှတ်တိုင်တွေမှာ မရှိသေးပါဘူး။ တစ်နှစ်ပြည့်အောင်တော့ စောင့်ကြည့်နေပါတယ်။ တစ်နှစ်ပြည့်ရင်တော့ ထပ်ဆွေးနွေးရတာ ပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly