အများပိုင်မြေများတွင် ကျူးကျော်နေသူများအား ဖယ်ရှားရေး မန္တလေးတိုင်းလွှတ်တော်သို့ အဆိုတင်သွင်း

အများပိုင်မြေများတွင် ကျူးကျော်နေသူများအား ဖယ်ရှားရေး မန္တလေးတိုင်းလွှတ်တော်သို့ အဆိုတင်သွင်း
အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ အများသူငှာ ပိုင်ဆိုင်သောမြေကွက်လပ်များ၊ လမ်းမြေများ၊ တာဝါတိုင်များအောက်၊ ရေဆိုးပစ်ချောင်းဘေးများပေါ် ဝင်ရောက်ကျူးကျော်နေထိုင်သူများကို ရှင်းလင်းဖယ်ရှားရေးအဆို တင်ခဲ့ရာ လွှတ်တော်က ဆွေးနွေးရန် လက်ခံခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်တွင်ကျင်းပမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ယနေ့ ဒီဇင်ဘာလ ၆ ရက်၊နံနက် ၁၀ နာရီကပြုလုပ်သည့် တိုင်းလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွငစီမံချက်များ စနစ်တကျရေးဆွဲ၍ မန္တလေးမြို့ပြ အင်္ဂါရပ် နှင့်ညီညွှတ်စေရန် ရှင်းလင်းဖယ်ရှားပေးရန်အတွက် တိုက်တွန်းကြောင်းအဆိုတင်ခဲ့ခြင်း ဖြစ်သည်။

၎င်းအဆိုကို မတ္တရာမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ်ဦးမင်းမင်းက ထောက်ခံခဲ့သည်။

အဆိုတင်သွင်းသူ ချမ်းမြသာစည်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက "ဒီအချိန်ဟာ တင်သင့်တဲ့အချိန်လို့ ယူဆလို့တင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်မရှိလို့ ကျူးပြီးနေတဲ့သူထက်စာရင် စီးပွားဖြစ်ကျူးကျော်နေထိုင်တဲ့သူတွေ မန္တလေးမြို့မှာ ပိုများလာတယ်။ ကျူးနေရာဦးတယ်။ နောက်တစ်ဦးကို ရောင်းတယ်။ နောက်တစ်နေရာ ထပ်ဦးတယ်။ မူလပိုင်ရှင်တွေက အတော်လေး အခက်တွေ့ရတယ်။ ကျွန်တော်တို့ဆီ ရောက်လာတယ်။ အကူအညီ တောင်းတယ်။ဒါပေမယ့် ကျွန်တော်တို့ ဖြေရှင်းပေးလို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ဟာ အုပ်ချုပ်ရေးဘက်မှာ ဝင်ရောက် စွက်ဖက်လို့မရဘူး။ ဒါကြောင့် ဒီအဆိုကို တင်ဖြစ်တယ်။"ဟု ပြောသည်။

ယခုအဆိုကို အများစုက ကြိုက်မည်မဟုတ်သလို ထောက်ခံမှုလည်းလျှော့နည်းသွားနိုင်ပြီး မိမိကိုလည်း ရန်ရှာနိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

မန္တလေးမြို့တွင် ကျူးကျော်နေထိုင်သူများ များပြားလာရခြင်းမှာ အုပ်ချုပ်ရေးအဖွဲ့မှ ရှင်းလင်းဖယ်ရှားမှု အားနည်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းကသုံးသပ်သည်။

"အုပ်ချုပ်ရေးအဖွဲ့က စနေကတည်းက မရှင်းလင်းခဲ့လို့ အခုလိုများလာတာပါ။တစ်ချို့နေရာတွေဆိုရင် ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှုတွေပါ ပါဝင်နေတာတွေ တွေ့ရပါတယ်။"ဟု ၎င်းကဆက်လက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required