သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

သင်တို့လင်မယား ချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

သင်တို့လင်မယားချစ်တင်းနှောနေတုန်း ကလေးက မြင်သွားခဲ့ရင် ကလေးအတွက်ရော၊ သင်တို့အတွက်ပါ မမေ့နိုင်တဲ့အဖြစ်အပျက်တခု ဖြစ်သွားမှာ အသေအချာပါပဲ။ ဒါဖြင့် သင်တို့ရဲ့ အိပ်ခန်းတံခါးတွေကို ဘာလို့လော့ခ်မချထားတာလဲ။ ဒါဟာ မိဘတွေရဲ့သဘာဝပါ။ ရည်ရွယ်ချက်က အရေးအကြောင်းဆိုကလေးတွေ အခန်းထဲ ဘယ်အချိန်မဆိုဝင်လာနိုင်အောင် ဖြစ်ပါတယ်။ ဒါ့အပြင်သင်စိတ်သက်သာရာရသင့်တဲ့အချက်က ဒါမျိုးအခြေအနေကြံုတွေ့ရတာဟာ သင်တယောက်တည်းမဟုတ်ပါဖူး။ ဟုတ်ပြီ၊ ဒါဖြင့် ကလေးက မြင်သွားပြီဆိုရင် ဘယ်လိုတွေ ဆက်လုပ်သင့်လဲ။ ဒီဆောင်းပါးလေးကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါ။

သင့်ကလေးမြင်သွားခဲ့ရင်—–ဆောင်ရန်-ရှောင်ရန်တွေ

ဒီလိုအချိန်မျိုးမှာ သင်တို့အခန်းထဲကလေးဝင်လာခဲ့ရင် သင်ပူထူလန့်ဖြန့်သွားမှာ အသေအချာပါပဲ။ ဟုတ်ပြီ၊ မလန့်သွားပါနဲ့။ အာရုံကို ပြန်စုစည်းပါ (အဝတ်အစားတွေကိုရောပဲပေါ့)။ ချက်ချင်းကြီး အလန့်တကြားနဲ့ ရှင်းပြဖို့မကြိုးစားပါနဲ့။ ဒီလိုပူထူပြီးရှက်နေတဲ့အခြေအနေမျိုးမှာ သင်ပထမဆုံးပြောမိတဲ့စကားဟာ အသင့်တော်ဆုံး၊ အကောင်းဆုံးတုန့်ပြန်မှုစကားမဟုတ်ဖို့အတော်များပြီး မလိုတာတွေအများကြီးပြောမိတာ၊အမှားမှားအယွင်းယွင်းတွေပြောမိတာမျိုးပဲ ဖြစ်ဖို့ရှိပါတယ်။ သင့်ကလေးကအရမ်းငယ်လွန်းသေးတယ်ဆိုရင်သူမြင်လိုက်ရတာဟာ ဘာမှန်းတောင်သိမှာမဟုတ်ပါဖူး။ ပုံမှန်အပြုအမူတခုလို့ပဲထင်မှာပါ။ ဒါဆိုရင်တော့ သင်တို့အနေနဲ့အလုံးကြီးကျသွားလို့ရပါတယ်။” ဖေကြီးနဲ့မေကြီးကချစ်လို့ဖက်ထားတာ၊သမီးလေး/သားလေးလည်းလာလေ” စသဖြင့်ရောချလိုက်ပါ။ ကလေးပိစိတွေကိုတော့ ဒီနည်းသုံးရင်အဆင်ပြေသွားလောက်ပါတယ်။

တကယ်လို့သင့်ကလေးကမေးခွန်းတွေထုတ်ခဲ့မယ်ဆိုရင်တော့ သင်ဖြေလို့ရမယ့်အဖြေဆယ်မျိုးကို အောက်မှာရေးပေးထားပါတယ်။ ဒီအဖြေတွေဟာ သင့်အမြင်မှာတော့   ပေါကြောင်ကြောင်နိုင်ကောင်းနိုင်နေမှာဖြစ်ပေမယ့် ကလေးလေးတွေအတွက်တော့ လုံလောက်တဲ့အဖြေတွေ ဖြစ်မှာပါ။

၁။” အရမ်းပူလို့သားသားရ/မီးမီးရ” ။သင်တို့တွေအဝတ်အစားမပါဘဲ ချွေးတလုံးလုံးဖြစ်နေတာ ဘာလို့လဲဆိုတာကို ရှင်းပြနိုင်မယ့်အကြောင်းပြချက်ကလည်း သိပ်တော့မရှိလှပါဖူး။ ဒီတော့အိုက်နေတယ်လို့သာရဲရဲကြီး ပြန်ဖြေလိုက်ပါ။

၂။” ဘာကိုပြောတာလဲ သားသား/မီးမီး။ဖေကြီးတို့ဘာလုပ်နေလို့တုန်း” ထူးထူးခြားခြားဘာမှလုပ်မနေတဲ့ အထာဖမ်းပြီးရုပ်တည်နဲ့သာ ပြန်မေးလိုက်ပါ။ သူတို့လေးတွေတကယ်ထင်သွားပါလိမ့်မယ်။

၃။” ဖေကြီးက မေကြီးကိုမာဆတ်လုပ်ပေးနေတာ/နှိပ်ပေးနေတာ” တကယ်လို့သင့်ကလေးကနှိ ပ်ပေးတယ်ဆိုတာကိုနားလည်နေတဲ့အရွယ်ဆိုရင်တော့ ဒါကသိပ်မအိုကေလောက်ပါဖူး။ ဒါပေမယ့် ငယ်သေးတဲ့ကလေးဆိုရင်တော့ မေကြီးကြွက်သားတွေနာနေလို့ဖေကြီးကကူပေးနေတယ်လို့ထင်သွားမှာပါ။

၄။” ကျောက်ရုပ်လုပ်တမ်းကစားနေတာ” ကလေးတွေက အရုပ်လေးတွေကို အင်္ကျီဝတ်ပေးတမ်းကစားလေ့ရှိတာကြောင့် ဒီတခါတော့ သင်တို့အင်္ကျီချွတ်တမ်းကစားနေတာလို့ယုံသွားပါလိမ့်မယ် (လို့မျှော်လင့်ရပါတယ်)။

၅။” ချစ်လို့ဖက်ထားကြတာသားသား/မီးမီးရဲ့” ကလေးလေးတွေဟာပွေ့ဖက်ရတာကို သဘောကျနှစ်ခြိုက်တာမို့လူကြီးတွေလည်း ဒီလိုပဲလို့သူတို့ယူဆပါလိမ့်မယ်။

၆။” ဖေကြီးတို့ယောဂလုပ်နေကြတာ” သင်တို့ဟာကမ႓ာပေါ်မှာ ကိုယ်လက်အပျော့ပျောင်းဆုံးလူတွေလို့သူတို့လေးတွေ ထင်သွားပါလိမ့်မယ်။

၇။” စမက်ဒေါင်းချနေတာကွ” ဒါလည်းယုံချင်စရာ လှိမ့်လုံးတခုပါ။ မကောင်းတဲ့အချက်က နောက်တခါသူငယ်ချင်းတွေနဲ့ နပန်းသတ်တမ်းကစားတဲ့အခါ သင့်ကလေးဟာ သင်လုပ်သလိုပဲအဝတ်အစားတွေ အကုန်ချွတ်ပြီးဆော့ပါလိမ့်မယ်။

၈။” မေမေ့မျက်စိထဲ အမှုန်ဝင်သွားလို့ဖယ်ပေးနေတာကွ” ကလေးဝင်လာတဲ့အချိန်မှာ မေမေ့မျက်စိနဲ့ဖေဖေကအဝေးကြီးမှာရှိနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်သင့်ကလေး ခန္ဓာဗေဒနဲ့ပတ်သက်ပြီး သိပ်မသိသေးဖို့နဲ့မေးခွန်းတွေ ထပ်မမေးတော့ဖို့မျှော်လင့်ရမှာပါပဲ။

၉။” ပါဝါရိန်းဂျားလုပ်တမ်းဆော့နေတာ သားသား/မီးမီးရဲ့” ချစ်တင်းနှောတယ်ဆိုပေမယ့် သင်တို့မှာအဝတ်အစားတွေဝတ်ထားတာလည်း ဖြစ်နိုင်တာပဲလေ။ ဘယ်လိုအဝတ်အစားလည်းဆိုတာကတော့ တပိုင်းပေါ့။

၁၀။” ဖေကြီးတို့အတူတူနေနေတာကလေးရဲ့” ဒါဟာလိမ်ရာမကျတဲ့ မုသားစကားပါ။

နောက်တနေ့မနက်ရောက်တဲ့အခါ

ဒီလိုကသောင်းကနင်းအဖြစ်လေး ဖြစ်သွားပြီး နောက်နေ့မနက်ရောက်တဲ့အခါ သင့်ကလေးနဲ့မျက်နှာစုံညီတွေ့ပြီး အကျိုးအကြောင်းပြောတာဟာ မရိုင်းတဲ့အကြံပါ။ ညကသူလေးအခန်းထဲဝင်လာတာဟာ ဘာအပြစ်မှမရှိကြောင်းကို သေချာသိပါစေ။ အသက် ၅နှစ်အထက်ကလေးတွေဆိုရင် အရွယ်နဲ့သင့်တော်တဲ့ စကားလုံးလေးတွေကို သုံးပြီးရှင်းပြနိုင်ပါတယ်။ အချက်အလက်တိကျတဲ့၊ မရှုပ်ထွေးတဲ့ အသုံးအနှုန်းတွေကိုသုံးပါ။ ကလေးမေးသမျှကိုဖြေပေးပါ။ ဒါပေမယ့် လိုတာထက်ပိုမပြောမိဖို့နဲ့မမေးတာကိုလျှောက်မဖြေမိစေဖို့သတိထားပါ။ မိဘနဲ့သားသမီးကြားမှာ မျိုးဆက်ပွါးကျန်းမာရေးပညာပေးတဲ့အခါ အဓိကပန်းတိုင်က ကလေးမေးတာတွေကို လိုအပ်တာထက်မပိုစေဘဲ ရိုးရိုးသားသားဖြေပေးဖို့နဲ့သူတို့လေးတွေ နောက်နောင်သိချင်တာရှိရင် ထပ်လာမေးရဲအောင် လမ်းဖွင့်ပေးထားဖို့ပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်မှတ်ဖို့
• အိပ်ခန်းတံခါးကိုအသေအချာပိတ်ပါ (ဘယ်အချိန်မှာပိတ်ခိုင်းတာလဲဆိုတာပေါက်တယ်မလား)။
• အပြစ်ရှိတယ်လို့အရမ်းကြီးခံစားမနေပါနဲ့—— သင်ရှက်ကြောက်နေတာကိုသင့်ကလေးကိုရိပ်စားမိပြီးလိင်ကိစ္စဟာရှက်စရာ၊ရွံ့စရာ၊မသတီစရာလို့ထင်သွားပါလိမ့်မယ်။
• ဘာမှမပြောသေးခင်သင့်အာရုံတွေကို ပြန်စုစည်းပါ။
• ကယောင်ကတမ်းနဲ့ချက်ချင်းကြီးဟုတ်တိုင်းမှန်ရာအကုန်လျှောက်မပြောပါနဲ့။
• ရိုးရှင်းပြီးကလေးအသက်အရွယ်နဲ့ကိုက်ညီတဲ့စကားလုံးတွေကိုရွေးချယ်သုံးစွဲပါ။
• အရမ်းကြီးအသေးစိတ်တွေအတိအကျရှင်းမပြပါနဲ့၊အထူးသဖြင့်ငါးနှစ်အောက်ကလေးတွေကိုပေါ့။
• ငါးနှစ်အထက်ကလေးတွေကိုချက်နဲ့လက်နဲ့သက်တောင့်သက်သာရှင်းပြပါ။
• ရှောင်မနေပါနဲ့။ကလေးတွေမေးလာတာကိုစောင့်ပါ။
• ဒီလိုအခန်းထဲဝင်လာမိတာဟာကလေးအနေနဲ့လုံးဝအပြစ်မရှိဖူးဆိုတာကိုသေချာရှင်းပြပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly