ကျောက်ဖြစ်ရုပ်ကြွင်း အင်ကြင်းကျောက်ကြီးအား ပြည်ပပို့ရောင်းချပါက ဒေသခံများ ကန့်ကွက်မည်

ကျောက်ဖြစ်ရုပ်ကြွင်း အင်ကြင်းကျောက်ကြီးအား ပြည်ပပို့ရောင်းချပါက ဒေသခံများ ကန့်ကွက်မည်

 

မကွေး၊ ဒီဇင်ဘာ ၆ ။                                ။ နှစ်သန်းချီ ရှိနေသည့် ပေ ၁၂၀ခန့်ရှိ ရှေးဟောင်း ကျောက်ဖြစ်ရုပ်ကြွင်း အင်ကြင်းကျောက်ကြီးအား   ပြည်ပပို့ကုန်အဖြစ် ရောင်းချလုပ်ကိုင်ခွင့် ပေးပါက   ဒေသခံပြည်သူများက အပြင်းထန်ဆုံးကန့်ကွက် သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် ပေပင်စမ်းကျေးရွာ ပြည်သူများထံက သိရသည်။

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စု၊ ပေပင်စမ်းကျေးရွာ အနောက်ဘက် ၃ ဖာလုံခန့် လှည်းလမ်းပေါ် ကန့်လန့်ဖြတ် အရှည်ပေ ၁၂၀ခန့် လုံးပတ် အရင်းပိုင်း ၃၂ပေ အဖျားပိုင်း ၂၂ ပေခန့် ရှိသည့် အင်ကြင်းကျောက် (အပင်လိုက်) ကို ၂၀၁၅ ခုနှစ်က တူးဖော်တွေ့ရှိထားခြင်း ဖြစ်သည်။

“ ဒီကျောက်တုံးကြီးက လှည်းလမ်းပေါ် ကန့်လန့်ဖြတ်ရှိနေတယ်၊လှည်းမောင်းဖြတ်သန်းရတာ အခက်အခဲ ဖြစ်နေလို့ ကျေးရွာပြည်သူတွေက ၂၀၁၅ခုနှစ်က တူးဖော်ဖယ်ရှားဖို့ ကြိုးစားတယ်၊ ကျောက်တုံးကြီးက သေးသေးမွှားမွှားမဟုတ်ဘဲ ကျောက်တုံးအကြီးကြီး ဖြစ်နေတယ်။ လူအင်အားနဲ့ မလုပ်နိင်ဘူး၊ ဒီအတိုင်း ထားခဲ့ရတယ်” ဟု ရွာခွဲတာဝန်ခံ ဦးကျော်ငွေက ပြောသည်။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကုမ္ပဏီတစ်ခုမှ သိရှိသွားပြီး ယင်းကျောက်ကြီးအား စတင်တူးဖော်ခဲ့ရာ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ လာရောက်တားမြစ်သဖြင့် ကုမ္ပဏီမှာ ဆက်လက်တူးဖော်ခြင်း မရှိခဲ့ကြောင်းဒေသခံများက ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထရီးဂျိတ် ကုမ္ပဏီ မှ ကားလေး(၂)စီး၊ ကရိန်း(၁)စီးဖြင့် အဆိုပါ ကျောက်ကြီးအား သယ်ယူရန် လာရောက်ရာ တာဝန်ရှိသူများက တားမြစ်ထားပြီး ယနေ့တိုင် ယင်းကျောက်ကြီးနေရာတွင် ရဲတပ်ဖွဲ့အား လုံခြံုရေး ချပေးထားကြောင်း သိရသည်။

“ ဒီ ကျောက်ကြီးက နှစ်သန်းချီနေတဲ့ အင်းကြင်းကျောက်ဖြစ်ရုပ်ကြွင်းကြီး ဖြစ်တယ်လို့ မနှစ်က လာရောက် ကြည့်ရှု့ခဲ့တဲ့ ဘူမိဗေဒပညာရှင်တစ်ဦးက ကျွန်တော်တို့ကို ပြောပါတယ်၊ ကျွန်တော်တို့အနေနဲ့ အဖိုးအထိုက် တန်ကြေးမဖြတ်တတ်ပေမဲ့ ရှေ့ဟောင်းအမွေအနစ် သမိုင်းဝင် အင်ကြင်း ကျောက်ဖြစ်ရုပ်ကျွင်း ဖြစ်တယ်ဆိုတာတော့ သိနေပါတယ်၊ အဲ့ဒီအတွက် ပြည်ပကိုတော့ ကျွန်တော်အပါအဝင် တစ်ရွာလုံးက မရောင်းစေချင်ပါဘူး၊ နိင်ငံတော်က ထိန်းသိမ်းပြီး ရှေ့ဟောင်းမွေအနစ်အဖြစ် ထားစေချင်ပါတယ်” ဟု ပေပင်စမ်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးကျော်ငွေက ပြောသည်။
ယင်းကျောက်တုံးကြီးသည် ယခုလက်ရှိတွင် အပင်၏ အမြစ်ပိုင်းမှစကာ အရှည်ပေ(၁၂၀)ခန့်တူးဖော်ထားနိုင်ပြီး အဖျားပိုင်း ဆက်လက်တူးဖော်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတ၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဇော်က အဆိုပါ ကုမ္ပဏီသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ အင်ကြင်းကျောက် စုဆောင်းသယ်ယူ ပြည်ပပို့ခွင့်အား ပြည်ထောင်စုအစိုးရထံ အခွန်ဆောင်ပြီးကြောင်း၊ ပြည်ထောင်စု၏ ခွင့်ပြုချက်များလည်း ပါရှိကြောင်း မဇ္ဈိမသို့ ပြောသည်။

ဒေသခံပြည်သူများက ကျောက်တုံးကြီးကို သယ်ယူခွင့် တားမြစ်ခြင်းနှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေကို ဒေသခံ ပြည်သူတွေနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးရန် ညွှန်ကြားထားကြောင်း ဝန်ကြီးဦးမြင့်ဇော်က ပြောသည်။

“ ကျောက်တုံးကြီးနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေက ပြောကြားမှုတွေ ရှိလာတဲ့အတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ EC အစည်းအဝေးမှာ တိုင်းဒေသကြီးကို ထိုက်သင့်တဲ့ အခွန်ရရှိရေးနဲ့ ပြည်ထောင်စုအစိုးရ ဆုံးဖြတ်ချက်ကို မဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ဖို့ စီမံထားပါတယ်၊ အစည်းအဝေးကတော့ ဒီတစ်ပတ် ပြုလုပ်မဲ့ အစည်း အဝေးမှာ ဘာဆက်လုပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက် ချမှာပါ” ဟု ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

နှစ်ပေါင်းသန်းချီရှိနေပြီး တွေ့ခဲ့ရသမျှထဲတွင် အကြီးဆုံးဟု ပြောနိုင်သည့် အင်ကြင်းပင် ကျောက်ဖြစ် ရုပ်ကြွင်းကြီးအား ကုမ္ပဏီသို့ ပြီးစလွယ် ရောင်းချခဲ့မှု အပေါ် တာဝန်ရှိသူတို့အပေါ် အားမလိုအားမရ ဖြစ်နေရကြောင်း ပေပင်စမ်းကျေးရွာလူထုက ပြောသည်။

၄င်း အင်ကြင်းကျောက်နှင့် ပတ်သက်ပြီး တိုင်းမှတာဝန်ရှိသူတို့ထံမှလည်း အကြောင်းတစ်စုံတစ်ရာ ညွှန်ကြားမှုမရှိသေးကြောင်း၊အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသည့်အင်ကြင်းကျောက်နှင့် ပတ်သက်၍ တိုင်းမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု့ပြီး ညွှန်ကြားမှု ပြုပေးစေလိုကြောင်း၊အကယ်၍ ကုမ္ပဏီမှ ဆက်လက်တူးဖော် ပြည်ပသို့ ပိုဆောင်ရောင်းချမည်ဆိုပါက   ဒေသခံကျေးရွာပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ရွာခွဲတာဝန်ခံထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly