ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦး ပေးအပ်သောတာဝန်များမကျေပွန်ဟုဆိုကာ စွပ်စွဲပြစ်တင်ခံရ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦး ပေးအပ်သောတာဝန်များမကျေပွန်ဟုဆိုကာ စွပ်စွဲပြစ်တင်ခံရ
ဓာတ်ပုံ - ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင် Facebook

 

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။            ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ၀န်ကြီးဖြစ်သည့် ဦးမင်းအောင်ကို ပေးအပ်သောတာဝန်များ မကျေပွန်ဟုဆိုကာ ရခိုင်ပြည်နယ်လွှတ်တော်အမတ်များက စွပ်စွဲပြစ်တင်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော် အမတ် ၁၇ ဦးက စွပ်စွဲပြစ်တင်ခဲ့ခြင်းနှင့် ပက်သက်ပြီး  “ စွပ်စွဲပြစ်တင်ကတော့ ကျွန်တော်တို့တင်ထားပါတယ်  ” ဟု ရခိုင်ပြည်နယ်လွှတ်တော် မြောက်ဦး (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္စျိမသတင်းဌာနသို့ အတည်ပြုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်တစ်ဦးလည်းဖြစ်သူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများကြောင့်   နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှု များရှိနေသည်ဟု ဆိုကာတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးမင်းအောင်က “ ဖွဲ့စည်းပုံအခြေဥပဒေအရ ပေးအပ်တဲ့တာဝန်ကို မကျေပွန်ဘူး ဆိုရင် စွပ်စွဲပြစ်တင်လို့ရတယ်ဆိုတဲ့ ရှိတာကိုး။ ဆိုတော့ ကျွန်တော်က သူတို့စွပ်စွဲချက်တွေက ဘာတွေဆိုတာ မသိဘူးလေ။ ကျွန်တော်အနေနဲ့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိသေးဘူးပေါ့။ စုံစမ်းစစ်ဆေးရေးအဖွဲ့က လာစစ်ဆေးမယ်ဆိုတာတော့ ဘာအချက်တွေလဲဆိုတာ သိရမှာပေါ့ဗျာ။ သိရလို့ရှိရင် သူတို့ရဲ့စွပ်စွဲချက်တွေ အပေါ်မှာ ဥပဒေကြောင်းအရ ဖြေရှင်းပေးသွားရမှာရှိတာပေါ့။ စွပ်စွဲချက်တွေဟာ ဥပဒေနဲ့အညီ စွပ်စွဲထားလား ဟုတ်မဟုတ်ဆိုတာ သိဖို့လိုသေးတယ်။ဆက်သွယ်လာတာတော့ မရှိသေးဘူးဗျ။” ဟု ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဒီဇင်ဘာ ၅ ရက်တွင် အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့ စည်းခဲ့သည့် စုံစမ်းစစ် ဆေးရေး အဖွဲ့ဖွဲ့စည်းလိုက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘက်မှတစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

စုံစမ်းစစ် ဆေးရေးအဖွဲ့ကို ပြည်နယ်ဝန်ကြီးတစ်ဦးအပေါ် စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ (ဂ) အရ ဖွဲ့စည်းပေးခြင်း ဖြစ်သည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတွင်လည်း တိုင်းကြားစာများစိစစ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်လျှက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၂၅၀ ကျော်တိုင်ကြားခံထားရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required