ရုရှ ပစိဖိတ်ရေတပ်သင်္ဘောစု ချစ်ကြည်ရေးခရီးလာရောက်ပြီး စစ်သဘောင်္ကို အများပြည်သူသို့ ကြည့်ရှုခွင့်ပေးမည်

ရုရှ ပစိဖိတ်ရေတပ်သင်္ဘောစု ချစ်ကြည်ရေးခရီးလာရောက်ပြီး စစ်သဘောင်္ကို အများပြည်သူသို့ ကြည့်ရှုခွင့်ပေးမည်

 

ဒီဇင်ဘာ ၆ ။                               ။ ရုရှ ပစိဖိတ် ရေတပ်သင်္ဘောစုသည် လာမယ့် ဒီဇင်ဘာလ ရ ရက်ကနေ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းသို့ ချစ်ကြည်ရေးခရီး အလည်အပတ် ဆိုက်ကပ်ရောက်ရှိလာမည် ဖြစ်ကြောင်း ရုရှသံရုံးမှ ထုတ်ပြန်သည်။

ရုရှရေတပ်ဗိုလ်ချုပ် Eduard Mikhailov ရဲ့ ကွပ်ကွဲမှုနှင့်အတူ ရေငုပ်သင်္ဘောဖျက် စစ်သင်္ဘော Admiral Panteleev ပါ၀င်ပြီး သီလဝါ ဆိပ်ကမ်းတွင် ကျောက်ချရပ်နားထားစဉ်အတွင်း စစ်သင်္ဘောကို အများပြည်သူ လာရောက်လေ့လာနိုင်ရန်အတွက် ဒီဇင်ဘာ ၉ ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်ပေးထားမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ရုရှ ရေတပ်အမှုထမ်းများသည် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်နဲ့ ရေတပ် စခန်း အဆောက်အအုံများသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ရန်ကုန်မြို့အနှံ့ကိုလည်း လှည့်လည် ကြည့်ရှုမည် ဖြစ်သည်။

ရေငုပ်သင်္ဘောဖျက် စစ်သင်္ဘော Admiral Panteleev သည် Udaloy အမျိုးအစား ဖျက်သင်္ဘောတစ်စင်း ဖြစ်ကာ ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်ကတည်းက တာဝန်များကို စတင် တာဝန်ထမ်းဆောင် နေလျက်ရှိသည်။ အဆိုပါ စစ်သင်္ဘောမှာ အလျား ၁၆၃ မီတာ၊ မြန်နှုန်း ရေမိုင် ၃၅ မိုင် ၊ သွားရောက်နိုင်သည့် အကွာအဝေး ရေမိုင်ပေါင်း ၁၀,၅၀၀ ရှိပြီး အမှုထမ်းပေါင်း ၂၉၃ ဦး လိုက်ပါလာမည်ဖြစ်ပြီး ယခု ခရီးစဉ်အတွင်း အဆိုပါ စစ်သင်္ဘောနှင့်အတူ  Boris Butoma သင်္ဘောလည်း အတူ လိုက်ပါလာမည်ဖြစ်သည်။

၂၀၀၉ ခုနှစ် မတ်လ ၂၉ ရက်ကနေစပြီး စစ်သင်္ဘော Admiral Panteleev ကို ဆိုမာလီယာ ကမ်းလွန် ပင်လယ်ဓားပြနှိမ်နင်းရေးလုပ်ငန်းများတွင် ထမ်းဆောင်ရန် တပ်ချတာဝန်ပေးခဲ့ပြီး ယင်းနောက်ပိုင်းတွင်လည်း အာဖရိကကျွန်းဆွယ် ရေပြင်တွင် ရုရှ ရေတပ်၏  ကင်းလှည့် စစ်ဆင်ရေးတာဝန်များတွင် ပုံမှန်လိုလို ပူးပေါင်းပါ၀င် ထမ်းဆောင်ခဲ့သော သဘောင်္ ဖြစ်သည်။

စစ်သင်္ဘော Admiral Panteleev သည် ဂျပန်၊ ဖိလစ်ပိုင်၊ အမေရိကန်၊ ထိုင်း၊ အင်ဒိုနီးရှားတို့အပါအဝင် နိုင်ငံအများအပြားရှိ ဆိပ်ကမ်းများသို့လည်း တရားဝင် ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်ထားခဲ့ပြီး ဖြစ်သည်။

ယခု စစ်သင်္ဘောအုပ်စု မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်မှုက နှစ်နိုင်ငံ စစ်တပ်ချင်းအကြား ဆက်ဆံရေးကို တိုးမြင့်ခိုင်မာစေပြီး ရုရှနှင့် မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြား ကာလကြာ ချစ်ကြည်ရင်းနှီးမှု များကို ထပ်မံခိုင်မာစေနိုင်မည်ဖြစ်သည်ဟု ရုရှသုံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly