ဂီတနှင့်ဘောလုံးကျောင်းကို အာရုံစိုက်ရန် ဘောလုံးကစားခြင်းမှ ရော်နယ်ဒင်ဟို အနားယူတော့မည်

ဂီတနှင့်ဘောလုံးကျောင်းကို အာရုံစိုက်ရန် ဘောလုံးကစားခြင်းမှ ရော်နယ်ဒင်ဟို အနားယူတော့မည်

ဒီဇင်ဘာ ၆၊ ဘရာဇီး ။             ။ ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်း ရော်နယ်ဒင်ဟိုက သူ၏ဘောလုံးကျောင်းနှင့်ဂီတဘက်ကို ပိုမိုအာရုံစိုက်နိုင်ရန် ၂၀၁၈ ခုနှစ်တွင် ဘောလုံးကစားခြင်းမှ အနားယူတော့မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ရော်နယ်ဒင်ဟိုသည် ၂၀၁၅ ခုနှစ်က ဖလူမီးနီးစ်အသင်းမှ ထွက်ခွာပြီးနောက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှ အနားယူခဲ့သော်လည်း ဖူဆယ်နှင့်အခြားအပျော်တမ်းပြိုင်ပွဲများတွင် ဆက်လက်ကစားခဲ့သည်။

အသက် ၃၇ နှစ်ရှိနေပြီဖြစ်သည့် ရော်နယ်ဒင်ဟိုက “လာမယ့်နှစ်မှာ ဘောလုံးလောကကို ဂွတ်ဘိုင်လို့ ပြောရတော့မယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့ ဂီတနဲ့ပတ်သက်တဲ့ စီမံကိန်း၊ ပြီးတော့ ကျွန်တော့်ဘောလုံးကျောင်း၊ ဒါတွေကို ဒီထက်ပိုတိုးတက်အောင်လုပ်ဖို့ အနားယူတော့မှပါ။ အဲ့ဒါတွေက ကျွန်တော့်အတွက် အသစ်တွေပါ။ ပရဟိတပွဲတွေနဲ့ နှုတ်ဆက်ပွဲတွေလောက်ပဲ တစ်ခါတစ်ရံမှာ ကစားဖြစ်တော့မှာပါ” ဟု ပြောဆိုခဲ့သည်။

ရော်နယ်ဒင်ဟိုသည် ပီအက်စ်ဂျီ၊ ဘာစီလိုနာနှင့်၊ အေစီမီလန်အသင်းတို့တွင် ကစားခဲ့ပြီး ၂၀၀၅ ခုနှစ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သူ ဖြစ်သည်။ ဘရာဇီးလက်ရွေးစင်အသင်းနှင့်အတူ ၂၀၀၂ ခုနှစ်က ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ရရှိခဲ့သည်။

ရည်ညွှန်း All Football

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required