လိင်တူစုံတွဲအတွက် မင်္ဂလာကိတ်မုန့် မဖုတ်ပေးတဲ့ ကိတ်မုန့်ဆိုင်ရှင်အမှု အမေရိကန်တရားရုံးချုပ် ကြားနာ

လိင်တူစုံတွဲအတွက် မင်္ဂလာကိတ်မုန့် မဖုတ်ပေးတဲ့ ကိတ်မုန့်ဆိုင်ရှင်အမှု အမေရိကန်တရားရုံးချုပ် ကြားနာ

၀ါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၆ ။             ။ အမေရိကန် တရားရုံးချုပ်ရဲ့ အမှုကြားနာမှုတစ်ရပ်ဟာ အချိန်အားဖြင့် စက္ကန့် ၂၀ လောက်သာ ကြာပေမယ့် ပြည်သူ့တို့ရဲ့ လူမှုဘဝကို ရိုက်ခတ်သွားနိုင်မယ့် ကြားနာမှု တစ်ရပ်ဖြစ်ပါမယ်။

ခရစ်ယာန်တစ်ဦးဖြစ်တဲ့ ကိတ်မုန့်ဆိုင်ပိုင်ရှင် ဂျက်ဖိလစ်ဟာ လိင်တူစုံတွဲရဲ့ လက်ထပ်မင်္ဂလာ ကိတ်မုန့် လုပ်ခိုင်းဖို့ လာအပ်တာကို ငြင်းဆန်ခဲ့တာကနေ အငြင်းပွားမှုဖြစ်ပြီး ခုလို တရားရုံးက ကြားနာတာပဲ ဖြစ်ပါတယ်။

၂၀၁၂ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ခုအမှုဟာ ကိုလိုရာဒိုမှာရှိတဲ့ ဂျက်ဖိလစ်ရဲ့ ကိတ်မုန့်ဆိုင်ကို လိင်တူစုံတွဲ ချာလီကရေ့ချ်နဲ့ ဒေးဗစ်မူလင်းတို့ မင်္ဂလာကိတ်အတွက် လာရောက်ခဲ့ချိန်က စဖြစ်ပွားခဲ့တာပါ။

မူလင်းက အီးပီအေသတင်းဌာနကို ပြန်ပြောင်းပြောဆိုရာမှာ သူတို့စုံတွဲဟာ ကိတ်မုန့်ဆိုင်ကို ရောက်ပြီး ဆိုင်ရှင် ဂျက်ဖိလစ်နဲ့ ပြောဆိုရာမှာ ဂျက်ဖိလစ်က ဘယ်သူတွေအတွက် မင်္ဂလာကိတ်မုန့် လာအပ်တာလဲလို့ ချက်ချင်း မေးမြန်းကြောင်း ဆိုပါတယ်။

သူတို့ စုံတွဲ လက်ထပ်မင်္ဂလာအတွက် လာအပ်ကြောင်း ဖြေကြားလိုက်တာနဲ့ မုန့်ဆိုင်ပိုင်ရှင်ဟာ လိင်တူစုံတွဲတွေအတွက် သူဟာ ကိတ်မုန့်မလုပ်ပေးကြောင်း ချက်ချင်း တုံ့ပြန်ခြင်း ခံရတယ်လို့ မူလင်းက ပြောပါတယ်။

ဆိုင်အတွင်းမှာ တင်္ဂဒတိတ်ဆိတ်သွားပြီးနောက် မူလင်းတို့ လိင်တူစုံတွဲဟာ ပြန်ထွက်သွားခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကနေစပြီး တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဲဝင်တဲ့ မူလင်းတို့စုံတွဲနဲ့ လိင်တူစုံတွဲအတွက် ကိတ်မုန့်ဖုတ်ပေးရတာဟာ သူ့ ဘာသာရေးယုံကြည်မှုကို ချိုးဖောက်ရာ ရောက်လိမ့်မှာဖြစ်သလို သူ့ကိုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု အခွင့်အရေး ရှိကြောင်း ကိုင်စွဲပြောဆိုတဲ့ ဂျက်ဖိလစ်တို့ကြား တရားတဘောင် ဖြစ်လာတော့တာပဲဖြစ်ပါတယ်။

တရားရုံးချုပ် အမှုတွဲမှာ ဂျက်ဖိလစ်ဟာ ၎င်းကိုကို ကိတ်မုန့်ဖုတ်သူဆိုတာထက် ကိတ်မုန့်အလှခြယ်အနုပညာရှင်တစ်ဦးလို့ ဖော်ပြထားပါတယ်။

သူ့ရဲ့ ကိတ်မုန့်တွေဟာ သူ့ရဲ့ အနုပညာစိတ်နဲ့ ခြယ်မှုန်းဖုတ်လုပ်တာဖြစ်ကြောင်း၊ လိင်တူစုံတွဲတစ်တွဲအတွက် မင်္ဂလာကိတ်မုန့် ဖုတ်ပေးရတာဟာ သူ့အတွက် ဘာသာရေးယုံကြည်မှုကို ချိုးဖျက်ရာ ရောက်ရုံမက လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကိုလည်း ရိုက်ချိုးရာရောက်ကြောင်း ဂျက်ဖိလစ်က ငြင်းဆိုထားပါတယ်။

မူလင်းတို့ စုံတွဲဟာ ဂျက်ဖိလစ်ကို ခွဲခြားဆက်ဆံမှုနဲ့ ကိုလိုရာဒို အရပ်သားအခွင့်အရေးကော်မရှင်မှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီမှာ အမှုနိုင်ပြီး ပြည်နယ်တွင်းက တရားရုံးတစ်ရုံးမှာ တင်ရာမှာလည်း မူလင်းတို့ပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါကို ဖိလစ်က မကျေနပ်လို့ အယူခံ အဆင့်ဆင့် တင်ရာက ခုလို တရားရုံးချုပ်အထိ ရောက်လာခဲ့တာပါ။

တရားရုံးချုပ်အနေနဲ့ အမှုကို ၂၀၁၈ ဇွန်လမှာ စီရင်ချက် ချဖြစ်ဖွယ် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required