ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ပြည်သူကိုးသိန်းခွဲကျော် ရေဘေးကြံုနေ

ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ပြည်သူကိုးသိန်းခွဲကျော် ရေဘေးကြံုနေ

ဘန်ကောက်၊ ဒီဇင်ဘာ ၅ ။               ။ ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်ဆယ်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်က ဆိုးဝါးသည့် ရေကြီးမှုများအတွင်း လူပေါင်း ၁၅ ဦးသေဆုံးခဲ့ကာ ပြည်သူ ၉၆၀၀၀၀ ကျော် ရေဘေးကြံုနေကြောင်း သဘာဝဘေး တားဆီးရေးနှင့် လျော့ပါးရေး ဌာနက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

ရေကြီးရေလွှမ်းမှုနှင့် အခြားသော မတော်တဆမှုများကြောင့် လူ ၁၅ ဦး သေဆုံးကြောင်း ဌာန၏ အကြီးအကဲ ချိုင်ယာပို လက်မှတ်ထိုးသည့် တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ ပြည်နယ်ဆယ်ပြည်နယ်အပြင် ထရန်ပြည်နယ် မောင်းခရိုင်သည်လည်း ထရန်မြစ်ရေလျှံမှုကြောင့် စိုးရိမ်စရာ နယ်မြေဧရိယာအတွင်း ပါဝင်နေသည်။

မီးသတ်အင်အား၊ ရဲ၊ စစ်သား၊ ကျန်းမာရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်းများက ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး ယာယီခိုလှုံရေးစခန်းများ ဖွင့်လှစ်ခြင်း၊ အစားအစာနှင့် အဝတ်အထည်များ ဝေငှခြင်း၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေးနေကြသည်။

မိုးလေဝသပညာရှင်များက ဒီဇင်ဘာ ၆ ရက်တွင် မိုးစဲလာမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပိတ်ထားခဲ့ရသည် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည် မျှော်လင့်ထားသည်။

ထိုင်းနိုင်ငံသည် မုတ်သုံရာသီအတွင်း မိုးသည်းထန်ခြင်းကြောင့် ရေကြီးမှုများ ဖြစ်ပွားလေ့ရှိရာတွင် စက်တင်ဘာမှ ဒီဇင်ဘာအတွင်း နိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလွှမ်းမှုများ ဖြစ်တတ်ပြီး ဇွန်လမှ အောက်တိုဘာလအတွင်း မြောက်ပိုင်းနှင့် အလယ်ပို်င်းဒေသများတွင် ရေကြီးမှုများ ကြံုရလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required