၁၂ ဘီးယာဉ် ချောင်းအတွင်းသို့ ထိုးကျပြီး အမျိုးသမီးတစ်ဦး ဆက်သွယ်ရေးတိုင်ပိ သေဆုံး

၁၂ ဘီးယာဉ် ချောင်းအတွင်းသို့ ထိုးကျပြီး အမျိုးသမီးတစ်ဦး ဆက်သွယ်ရေးတိုင်ပိ သေဆုံး

 

မကွေး၊ ဒီဇင်ဘာလ ၅ ။                     ။ ပိတောက်သားစကွဲယားတုံးများ တင်ဆောင်လာသော ၁၂ ဘီး ယာဉ်တစ်စီး ဒေါင်းနေချောင်းအတွင်းသို့ ထိုးကျခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး MPT ဆက်သွယ်ရေးတိုင် ပိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ရေနံချောင်းဘက်မှ မကွေးဘက်သို့ မောင်းနှင်လာ သော အီဆူဇူးအမျိုးအစား၊ ယာဉ်အမှတ် 4N/ 8299 သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက် ဘေးရှိ ဆက်သွယ်ရေးတိုင်အား တိုက်မိပြီး လမ်းဘေးပေ ၃၀ ခန့် ချောင်းအတွင်းသို့ အတည့်ကျရောက်ကာ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ကားခေါင်းအတွင်းမှ ထွက်ကျကာ ဆက်သွယ်ရေးတိုင်ပိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မိပြီးနောက် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူများမှာ ထွက်ပြေးသွားကြောင်း၊ အဆိုပါယာဉ်ပေါ်တွင် ပိတောက်သား(စကွဲယား)တုံး ၃၀ ခန့် ၊( ၅ တန်ကျော်ခန့်)အား စပါးခွံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင် လာကြောင်း သိရသည်။

ပိတောက်သားစကွဲယားတုံးများတွေ့ရှိရ၍ မကွေးမြို့သစ်တောဦးစီးဌာနမှ တောအုပ်ဦးဇော်မင်းနှင့် ဒေါင်းနေ ကျေးရွာ တောခေါင်းဦးထွန်းဝေတို့က စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ ပိုင်ရှင်အား စုံစမ်းလျက်ရှိပြီး သေဆုံးသူ အမျိုးသမီးအလောင်းအား ရေနံချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ထွက်ပြေးသွားသော ယာဉ်မောင်းအား အရေးယူနိုင်ရန် မကွေးမြို့မရဲစခန်းမှ  ယာဉ်(ပ)၃၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required