NGO စစ်စစ်ဖြစ်ရန် ရုပ်ရှင် အစည်းအရုံး စည်းမျည်းစည်းကမ်းများ ပြောင်းလဲသွားမည်

NGO စစ်စစ်ဖြစ်ရန် ရုပ်ရှင် အစည်းအရုံး စည်းမျည်းစည်းကမ်းများ ပြောင်းလဲသွားမည်

 

ရန်ကုန် ဒီဇင်ဘာ ၅ ။                       ။ မကြာမီကျင်းပမည့် ရုပ်ရှင်ညီလာခံတွင် မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးရေးကိစ္စရပ်များအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို NGO အဖွဲ့အစည်း စစ်စစ် ဖြစ်ပေါ်ရေးအတွက် စည်းမျည်းစည်းကမ်းများ ပြောင်းလဲရေး ကိစ္စရပ်များကို အဖွဲ့ဝင်များ၏ သဘောဆန္ဒနှင့်အညီ ပြောင်းလဲသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

လာမည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှကျင်းပမည့် ၂၀၁၇ သင်းလုံးကျွတ် ညီလာခံ( ရုပ်ရှင်ညီလာခံ)နှင့်ပတ် သက်၍ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအစည်းအဝေး ခန်း မ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

" မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးသည်NGO အဖွဲ့ အစည်းစစ်စစ်ဖြစ်သည်လို့ ကျွန်တော်တို့ခံယူထား တယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဖွဲ့စည်းပုံထဲမှာ မပါ သေးပါဘူး၊ ဒါကို ကျွန်နော်တို့အဖွဲ့သားတွေက အဆိုပြုမယ်၊ ဆုံးဖြတ်မယ်၊ ဒါ့အပြင် ရုပ်ရှင်အမှု ဆောင်အဖွဲ့ရဲ့သက်တမ်း ၃ နှစ်ထားမလား၊ ၄ နှစ် ထားမလား၊ ဒါတွေလည်း ဆုံးဖြတ်သွားမယ်" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ၂၀၁၂ ခုနှစ်မှ စ၍ NGO အဖြစ်သတ်မှတ်ခဲ့ပြီးသော်လည်း ယခင် စည်းမျည်းစည်းကမ်းများက NGO အဖွဲ့အစည်း စစ်စစ်ဖြစ်ရန် ကိုက်ညီမှုမရှိဟု ၄င်းက ဆက်ပြော သည်။ ထို့ပြင် ယခင်အစိုးရများလက်ထက်က ရုပ် ရှင်ညီလာခံများမှာ ရုပ်ရှင်လောကသားများ၏ သဘောထားများ ထင်ဟပ်ခဲ့ခြင်း မရှိဟု ဆိုသည်။

" ၁၉၆၈ ခုနှစ်မှာ ညီလာခံကတော့ တစ်ကယ့်ကို ကြီးကြီးကျယ်ကျယ် သုံးလေးရက် လုပ်တယ်လို့ ကြားသိဖူးတယ်၊ ကျွန်တော်တော့ မမှီခဲ့ဘူးပေါ့၊ ကျွန်တော်တို့လက်ထက်မှာတော့ ၂ ကြိမ် လုပ်ဖူး တယ်၊ တစ်ကြိမ်ကတော့ ဒီရုပ်ရှင် အစည်းအရုံး အောက်က ဟောခန်းထဲမှာလုပ်တာ၊ လောကသား တွေ ထပြောရင်းနဲ့ပြသနာတွေ တက်ခဲ့ကြပြီးတော့ မှ အဲဒီကာလက ထောက်လှမ်းရေးက အဲဒီပွဲကို ရပ် လိုက်ပါဆိုတဲ့အတွက် အဲဒီအကြိမ် ညီလာခံက တော့ ပျက်သွားတယ်၊ နောက်တစ် ကြိမ်ညီလာခံ ကတော့ ကျွန်တော်တို့ ရုပ်ရှင်အစည်း အရုံးက လုပ်တာမဟုတ်ပါဘူး၊ ပြန်ကြားရေးဝန်ကြီး ဋ္ဌာနက ခေါ်ယူပြီးတော့မှ လုပ်တဲ့ညီလာခံပါ၊ အဲဒါ ကလည်း ပြန်ကြားရေးရုံးမှာလုပ်တာ၊ အဲဒီတုန်းကတော့ ရုပ်ရှင်လောကသားတွေ သဘောထားတွေ ဘာမှ မထင်ဟပ်ခဲ့ဘူး၊ ဘာမှပြုပြင်ပြောင်းလဲခြင်း အကြံ ပြုခြင်းတွေ မရှိခဲ့ဘူး" ဟု ဦးဇင်ဝိုင်းက ပြောသည်။

ရုပ်ရှင်ညီလာခံဖြစ်မြောက်ရေးအတွက် ၄၅ ရက် ကြိုတင် အသိပေးထုတ်ပြန်ထားပြီး၊ ရုပ်ရှင်လောက သား အလွှာအသီးသီးက အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်၍ အကြံပြုလွှာများကို ကြိုတင် လက်ခံကာ ယင်းညီလာခံတွင် လက်ခံဆုံးဖြတ်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ညီလာခံအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနက အမျိုးသားကဇာတ်ရုံ အသုံးပြုခွင့်ပေးထားပြီး၊ ညီလာခံအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင် တစ်ချို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly