မိဘမဲ့ ၂၇ဝ ကျော် ခိုလှုံနေသော ပရဟိတကျောင်းမီးလောင်မှု လူကယ်ပြန် ကူညီ ပေးမည်

မိဘမဲ့ ၂၇ဝ ကျော် ခိုလှုံနေသော ပရဟိတကျောင်းမီးလောင်မှု လူကယ်ပြန် ကူညီ ပေးမည်
ဓာတ်ပုံ - အင်တာနက်

ရန်ကုန်၊ ဒီဇင်ဘာလ ၅။           ။ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ကျေးရွာရှိ မိဘမဲ့ကလေးငယ် ၂၇ဝ ကျော် ခိုလှုံနေသော   မေတ္တာရိပ်ပရဟိတကျောင်းရှိ   နှစ်ထပ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့မှုအပေါ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကူညီပေးမည်ဖြစ်ကြောင်း ကြို့ပင်ကောက်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုမင်းက မဇ္စျိမသို့ ပြောသည်။

“ မီးလောင်တာနဲ့ ပတ်သက်ပြီးတော့ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ လူမှုရေးဝန်ကြီးကို အကြောင်းကြားထားပါပြီခင်ဗျာ။ စာနဲ့ကတော့ မနက်ဖြန်ကျမှ ပြန်တင်ရမှာပေါ့။ ဓာတ်ပုံအထောက်အထားတွေ၊ ဘာတွေနဲ့လေ ပြန်တင်မှာပါ။ လူကယ်ပြန်အဖွဲ့ကလည်း ကျွန်တော်တို့ကို ပံ့ပိုးကူညီပေးမယ်လို့ နှုတ်နဲ့ အကြောင်းပြန်ထားပါတယ်ခင်ဗျ။ အစိုးရအဖွဲ့အနေနဲ့က ဘယ်လိုပံ့ပိုးကူညီမလဲဆိုတာကိုတော့ ကျွန်တော့အနေနဲ့ လောလောဆယ်တော့ မသိရ သေးဘူးပေါ့နော်။ လက်ရှိကတော့ လူကယ်ပြန်ကနေပြီးတော့ ကူညီပေးဖို့ အစီအစဉ်ရှိတယ်လို့ ကျွန်တော် ကိုပြောထားပါတယ်”ဟု ဦးအောင်ကိုမင်းက ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။

အဆိုပါ မိဘမဲ့ကလေးငယ် ၂၇ဝ ကျော်ခိုလှုံလျက်ရှိသော မေတ္တာရိပ်ပရဟိတကျောင်းဝန်းရှိ နှစ်ထပ်ကျောင်း ဆောင်မှာ ဒီဇင်ဘာလ ၄ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်အချိန်တွင် ဆိုလာမီးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား ခဲ့ပြီး ယင်းကျောင်းဆောင်တွင် အသက် ၄ နှစ်မှ ၈ နှစ်ကြား ယောင်္ကျားလေး အယောက် ၅ဝ အား စာသင်ကြား ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ ကျောင်းဆောင်တစ်ခုလုံး မီးလောင်ပျက်စီးသွားတယ်။ နှစ်ထပ်ကျောင်းဆောင်ဆိုတော့ အောက်ထပ်မှာက ကလေးတွေကို စာသင်တာပေါ့။ စာသင်ခုံတွေတော့ ပါသွားတယ်။ ပြီးတော့ အပေါ်ထပ်မှာကျတော့ ကလေး တွေရဲ့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေ၊ သေတ္တာတွေဘာတွေ အကုန်ပါသွားတာပေါ့နော်။ အထွေထွေ အပျက်အစီးကတော့ အဲ့ဒါတွေပဲရှိတာပါ။ ကလေးတွေတော့ ထိခိုက်မှုမရှိလိုက်ပါဘူး”ဟု အဆိုပါ မီးလောင်မှု တွင် ကူညီပေးနေသည့် မင်္ဂလာပါလူငယ်ပရဟိတအသင်‌းမှ အတွင်းရေးမှူး မသဥ္ဇာအေးက ပြောသည်။

လက်ရှိတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် မေတ္တာရိပ်ပရဟိတကျောင်းအတွက် မင်္ဂလာပါလူငယ်ပရဟိတအသင်‌းမှ အလှူငွေများကူညီကောက်ခံပေးနေပြီး ကနဦးအနေဖြင့် ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျပ်ငွေ ၅ သိန်း သွားရောက်လှူဒါန်းထားကြောင်း မသဥ္ဇာအေးက ပြောသည်။

လက်ရှိတွင် ကလေးငယ်များအတွက် အဝတ်အထည်များ သွားရောက်လှူဒါန်းရန် စီစဉ်နေပြီး အလှူငွေ ကူညီလှူဒါန်းလိုသူများအနေဖြင့်လည်း ( မင်္ဂလာပါလူငယ်ပရဟိတအသင်းအသင်းအဖွဲ၊့ မှတ်ပုံတင်အမှတ် ၁/ ပြည်တွင်း/ဝ၂၃၂၊ ဖုန်းနံပါတ် 09 799 670 914၊ 09 799 670 915 သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်းသိ ရသည်။

ဘဏ်မှတစ်ဆင့် လှူဒါန်းလိုသူများအနေဖြင့်လည်း AYA Bank Account 0064 2220 1001 1988၊ Mingalarpar Youth Charity Organization၊ AYA BANK သို့ တိုက်ရိုက်လှူဒါန်းနိုင်ပြီး အကောင့်ထဲသို့ ငွေလွဲပြီးပါက ချလံအား မက်ဆေ့ပို့ပေးနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly